KBC ဥက္ကဌဟောင်းရဲ့ အယူခံမှုအားလုံး ပယ်ချခံရ

မေ ၊ ၅

ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီရဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ခြောက်နှစ်ချမှတ်လိုက်တဲ့ အမိန့် အပေါ် အယူခံတက်တဲ့အမှုအားလုံး ခရိုင်တရားရုံးက မတ်လ ၂ ရက်က ပယ်ချလိုက်တယ်လို့ KBC နဲ့ နီးစပ်သူတွေထံမှာ သိရပါတယ်။

အသက် ၆၅ နှစ်အရွယ် ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ အမှုတွေအတွက်ကချင်ပြည်နယ်၊  မြစ်ကြီးနားခရိုင် တရားရုံးမှာ အယူခံတက်ခဲ့ပေမယ့် လက်ခံလို့မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုတရားရုံးက ပယ်ချခဲ့တာလို့ ဆိုပါတယ်။

” ခရိုင်အယူခံကတော့ သူတို့ပယ်ချလိုက်တယ်ပေါ့နော် ။အခုတော့ပြည်နယ်တရားလွှတ်တော်မှာ ထပ်တက်ဖို့ကျနော်တို့လုပ်နေပါတယ်။ အယူခံကို ပြီးခဲ့တဲ့အပတ်က တက်ခဲ့တာပါ။ အမှုအားလုံးကိုပယ်ချတယ်။ တခုမှ လက်မခံဘူး။ ဒေါက်တာကတော့ ကျန်းမာရေး ကောင်းပါတယ် ” လို့ KBC နဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ ရှေ့နေဒေါ်ဒေါင်နန်းကတော့ အယူခံကို အကျဉ်းနည်းနဲ့ပလပ်ခံလိုက်ရတဲ့အတွက် ပြည်နယ်တရားလွှတ်တော်မှာဆက်ပြီးအယူခံတက်မှာဖြစ်ကာ ပြည်နယ်တရားလွှတ်တော်မှာ အဆင်မပြေရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်အထိ တက်မယ်လို့ RFA Burmese ကိုပြောထားပါတယ်။

ကချင်လူထုကြားမှာ ထင်ရှားတဲ့ ဒေါက်တာဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) စတဲ့ အမှု ၃ ခုနဲ့ တရားရင်ဆိုင်ခဲ့ရတာပါ။

စစ်ကောင်စီရဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ဒေါက်တာခလမ်ဆမ်ဆွန်ကို စွပ်စွဲဆွဲဆိုထားတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ်တွေကို ဧပြီလ ၇ ရက်နေ့က အပြီးသတ်အမိန့်ချခဲ့ပြီး ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၉၅(က)အတွက် ထောင်ဒဏ် ၁ နှစ်နဲ့ ပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ်ချလိုက်တာပါ။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌ ဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ထိုင်းနိုင်ငံကိုဆေးကုဖို့အသွားမှာ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၅)ရက်မှာ မန္တလေးလေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနဲ့ မတရားအသင်းအဖြစ်ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ်လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက် အပါအဝင် NUG အစိုးရရဲ့ ကချင်လူမျိုးဝန်ကြီးတွေနဲ့ တွေ့ဆုံတယ်ဆိုပြီး  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော် ဆိုသူက တရားလိုလုပ် တရားစွဲတာတွေ လုပ်ခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့သဘောထားထုတ်ပြန်တာတွေရှိနေသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း ပြန်လည်လွတ်ပေးဖို့ စစ်အုပ်စုကို ပြောဆိုထားပါတယ်။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ဥက္ကဌဟောင်းတဦးဖြစ်သလို လက်ရှိလည်းအဲဒီအသင်းမှာ အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေသူ လည်းဖြစ် ပါတယ်။

 ဒါ့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)ဥက္ကဌ လည်းဖြစ်သလိုငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ (၂၀၁၉)ခုနှစ်ကအမေရိကန်နိုင်ငံခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာ စစ်တပ်က ခရစ်ယာန်တွေကိုဘာသာရေးအရဖိနှိပ်နေကြောင်း ပြောဆိုခဲ့လို့ စစ်တပ်ကအမှုဖွင့်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။အ

နောက်ပိုင်းမှာတော့ စစ်တပ်ကအမှုဖွင့် တရားစွဲတာမရှိတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မြစ်ကြီးနားမြို့ခရီးစဉ်အတွင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။