ဆာဘီးယားမှာ ပစ်ခတ်မှုတွေကြောင့် အစုလိုက် သေဆုံးမှုတွေ ရက်ပိုင်းပဲခြားပြီး နှစ်ကြိမ်ဖြစ်ပွား

မေ၊ ၅

ဆာဘီးယား နိုင်ငံမှာ ပစ်ခတ်မှုတွေကြောင့် လူအများအပြား သေဆုံးတဲ့ ဖြစ်စဉ်တွေ တရက်ပဲခြားပြီး နှစ်ခုဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။

 မေလ ၅ ရက် မနက် အစောပိုင်းက သေနတ်သမား တဦးဟာ လူ ၈ ဦးကို ပစ်သတ်ပြီး ထွက်ပြေး လွတ်မြောက်နေတယ်လို့ ရဲတွေက ပြောပါတယ်။ ဘဲလ်ဂရိတ် မြို့တော်နားက မြို့ငယ်တခုမှာ ပစ်ခတ်မှုမှာ နောက်ထပ် ၁၃ ဦး ထိခိုက် ဒဏ်ရာတွေ ရခဲ့ပါတယ်။

 အဲဒီမတိုင်ခင် ၄၈ နာရီလောက်တုန်းကလည်း ဘဲလ်ဂရိတ် မြို့တော်က စာသင်ကျောင်း တခုကို အသက် ၁၃ နှစ်အရွယ် ကျောင်းသား တဦးက ​ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ကလေး ၈ ဦး အပါအဝင် ၉ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာတော့ သေနတ်သမားကို ရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

 ဘဲလ်ဂရိတ်နားက မလာဒီနိုဗက် မြို့နားမှာ ထပ်မံဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ အသက် ၂၁ နှစ်အရွယ် သံသယ လူငယ် တဦးကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေတယ်လို့ ဆိုပါတယ်။

 ပထမ ပစ်ခတ်မှုအပြီး ဆာဘီးယား အစိုးရက တနိုင်ငံလုံးအဆင့် ဝမ်းနည်းကြေကွဲမှုကာလ ၃ ရက်ကြာ သတ်မှတ် ကြေညာထားချိန်မှာ နောက်ထပ် ဆိုးရွားတဲ့ ပစ်ခတ်မှုတခု ထပ်မံ ဖြစ်ပေါ်လာတာပါ။

 အစိုးရ သတင်းဌာန RTSရဲ့ အဆိုအရ မလာဒီနိုဗက်မြို့က ပစ်ခတ်မှုအတွင်း သေဆုံးသူတွေထဲမှာ တာဝန်ချိန် မဟုတ်တဲ့ ရဲအရာရှိတဦးနဲ့ ညီမဖြစ်သူတို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

 ဒေသခံ မီဒီယာတွေက သံသယ တရားခံဟာ မေလ ၄ ရက်က ကျောင်းဝင်း တခုထဲမှာ ရန်ဖြစ်ခဲ့ကြောင်း၊ အဲဒီနေရာက ထွက်ခွာသွားပြီးတဲ့နောက် ချေမှုန်းရေး ရိုင်ဖယ်တလက်နဲ့ ပစ္စတို တလက်ကို ယူပြီး ပြန်ရောက်လာခဲ့ကြောင်း၊ သူဟာ ကားကို ဖြတ်သန်းမောင်းနှင်ရင်း လမ်းတလျှောက် ကျေးရွာ ၃ ခုမှာ တွေ့သမျှ လူတွေကို ရမ်းသမ်း ပစ်ခတ်သွားခဲ့ကြောင်း ဖော်ပြပါတယ်။

 လောလောဆယ်မှာတော့ အထူးရဲ ကွန်မန်ဒို ယူနစ်တွေ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၀ လောက်ဟာ သံသယ တရားခံကို ဖြန့်ကျက် ရှာဖွေနေပြီး သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုလည်း မြို့တဝိုက်မှာ ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

 အခုသီတင်းပတ်ထဲမှာ စာသင်ကျောင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ဆာဘီးယား အစိုးရက နိုင်ငံရဲ့ လက်နက် ကိုင်ဆောင်ခွင့် မူဝါဒတွေကို ပိုမို တင်းကျပ်ဖို့ ပြန်လည် ဆန်းစစ် သုံးသပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။