နေ​ပြည်တော်ရှိ ရဲကင်းဂိတ် ဗုံးထုတိုက်ခိုက်ခံရ

မေ၊ ၄

နေပြည်တော်ရှိ ရဲကင်းဂိတ်ကို မနေ့ကညပိုင်းက ဗုံးထုပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အဲဒီပစ်ခတ်မှုကို လုပ်ဆောင်တဲ့ စစ်တောင်းမြို့ပြ ပြောက်ကျား အဖွဲ့ (နေပြည်တော်) က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ထရယ်ဂွန်က DNA ကိုပြောပါတယ်။

မနေ့က ည ၇ နာရီကျော်လောက်မှာ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဘူတာမီးပွိုင့်ရှိ အင်အား ၁၀ ဦးလောက်ရှိတဲ့ လုံခြုံရေး ရဲဂိတ် တိုက်ခိုက်ခံခဲ့ရတာပါ။

” ဗုံးက ဘန်ကာအတွင်းထဲရယ် ပတ်၀န်းကျင်ရယ် ပြန့်ပြီးကွဲသွားတာ အတိအကျပဲ။ ဖြစ်ပြီးချင် သူတို့ဖက်က နှစ်ချက်ပြန်ပစ်တယ်။ ကျနော်တို့ အဝေးကိုရောက်သွားမှာ စခတွေက လိုက်ပစ်တာပါ။ အထိအခိုက်တော့ မရှိပါဘူး ” လို့ ဗိုလ်ထရယ်ဂွန်က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်မိပြီး ၂ ဦးသေဆုံးခဲ့တယ်လို့စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)ကတာဝန်ရှိသူကပြောပါတယ်။

ဒါပေမယ့်စစ်အုပ်စုဖက်ကတော့အဲ့ဒီတိုက်ခိုက်ခံရမှုမှာ သေဆုံးတာမရှိပဲရဲတပ်သား အောင်ထိုက်ဆိုသူ  ခါးနဲ့လက်မောင်းတို့မှာ ဗုံးစထိမှန် ဒဏ်ရာ ရရှိခဲ့လို့ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သတ်ပြီး DNAသတင်းဌာနကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ရဲကင်းစခန်းကို သီရိမဏ္ဍိုင်လမ်းမကြီးဘက်မှ ဆိုင်ကယ်စီးနင်းလာတဲ့ PDF နှစ်ဦးက လက်ပစ်ဗုံးတလုံးနဲ့ ကနဦးပစ်ခတ်ခဲ့ပြီး ပစ်စတို နဲ့ တချက် ထပ်မံပစ် ခတ်ခဲ့ကာရာဇသင်္ဂဟလမ်းမအတိုင်း မောင်းနှင် ထွက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)နဲ့ကိုနောင်(တာ၀န်ခံ) ဦးဆောင်တဲ့ ဒက္ခိဏသီရိမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီးလုပ်ဆောင်တာလို့ သိရပါတယ်။

စစ်တောင်းပြောက်ကျားအဖွဲ့ (နေပြည်တော်)ကလည်း ၂၀၂၃ ခုနှစ်၊ မတ်လအထိအရင်ကြံ့ခိုင်ရေးလက်ထက်က အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ဦးမြငြိမ်းအိမ်အပါအဝင် လေးကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့လို့ စစ်ကောင်စီဖက်က ရဲတပ်ဖွဲ့ဝင်အနည်းဆုံး လေးဦး သေဆုံးခဲ့ပါသေးတယ်။

“နေပြည်တော်မှာနေပြီး လုံခြုံပြီလို့အထင်နဲ့ ပြည်သူကိုဒုက္ခမပေးပါနဲ့ အနီးဆုံးမှာ ကျွန်တော်‌တို့ရှိနေတယ်လို့ ရဲခွေး စစ်ခွေးတွေကို အသိပေးချင်တာပါ ” လို့ ဗိုလ်ထရယ်ဂွန်က ဆိုပါတယ်။

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကိုပုံမှန်လုံခြံုရေးတင်းကျပ်လေ့ရှိပြီး သကြင်္န်ကာလမှာ ပိုမိုတင်းကျပ်ခဲ့ပါတယ်။

ရက်ပိုင်းအတွင်းရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးတဲ့ရှိတဲ့အတွက် နေပြည်တော် အဝင်၊အထွက်နေရာတွေနဲ့ လုံခြံရေးအရ အရေူကြီးတဲ့နေရာတွေကို လုံခြုံရေးပိုချထားတာတွေ့တယ်လို့​ဒေသခံတွေကပြောပါတယ်။

ပုံစာ- စစ်ကောင်စီအာဏာသိမ်းပြီးစ ၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလဆန်းက နေပြည်တော်လမ်းမကြီးတခုမှာစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေနေရာယူထားစဉ်။