မီးဖွားပြီး ရက်ပိုင်းအတွင်း ထိုင်းရွေးကောက်ပွဲကြို မဲဆွယ်မှုတွေ ပြန်စမယ်လို့ သက်ဆင်ရဲ့သမီးဆို

မေ၊ ၄

မီးဖွားထားပြီး ရက်ပိုင်း အကြာမှာပဲ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူက ပြောကြားခဲ့ပါတယ်။

 အသက် ၃၆ နှစ်ရွယ် ပေတွန်တန် ရှီနာဝပ်ထရာဟာ အခုလလယ်မှာ ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲမှာ လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်း တဦးအဖြစ် သတ်မှတ် ခံထားရသူပါ။ သူဟာ ကိုယ်ဝန် အရင့်အမာ ဆောင်ထားချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုသီတင်းပတ် အစောပိုင်းမှာ သူ့ရဲ့ ဒုတိယမြောက် ရင်သွေးကို ဖွားမြင်ခဲ့ပါတယ်။

 လောလောဆယ်တော့ မီးဖွားပြီး ခဏတာ အနားယူနေပေမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ မဲဆွယ် လှုပ်ရှားမှုတွေဆီ ပြန်ချိတ်ဆက်သွားမယ်လို့ ပေတွန်တန်က ဆိုပါတယ်။ သူက လာမယ့် ရွေးကောက်ပွဲမှာ သူဦးဆောင်မယ့် ဖျူထိုင်းပါတီ အနေနဲ့ သောင်ပြိုကမ်းပြို ရလဒ်မျိုးနဲ့ အနိုင်ရမယ်လို့ ယုံကြည်ထားဆဲလို့လည်း ပြောပါတယ်။

 အတိုက်အခံ ပါတီအနေနဲ့ ယှဉ်ပြိုင်မယ့် ဖျူထိုင်းဟာ ၂၀၀၁ ခုနှစ်ကစလို့ ထိုင်းနိုင်ငံမှာ ကျင်းပသမျှ ရွေးကောက်ပွဲတိုင်း မဲအများဆုံး ရလေ့ရှိပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်ဟောင်း လက်ရှိ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကို အဓိက စိန်ခေါ်မယ့်သူအဖြစ် ပေတွန်တန်ကို အတော်လေး ထင်ကြေးပေး စောင့်ကြည့် ခံနေရပါတယ်။

 သူ့ရဲ့ဖခင် သက်ဆင်ရော၊ အဒေါ်ဖြစ်တဲ့ ယင်လက်ခ် ရှီနာဝပ်ထရာပါ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းပြီး ဖယ်ရှားမှုကို ခံခဲ့ကြရတာပါ။ သူ့ကလေးငယ်ကို ဖန်ပေါင်းချောင် တခုထဲမှာ မိတ်ဆက် ပြသရင်း ဘန်ကောက်က ဆေးရုံတခုမှာ ပေတွန်တန်က ထိုင်းနိုင်ငံ အနေနဲ့ အပြောင်းအလဲ တခုကို လိုအပ်နေပြီဖြစ်ပြီး အဲဒီအတွက် အဖြေကတော့ ဖျူထိုင်းပါတီသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 တကယ်လို့ ဖျူထိုင်းသာ သောင်ပြိုကမ်းပြို ရလဒ်မျိုးနဲ့ အနိုင်ရပြီး အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့မယ် ဆိုရင် အပြောင်းအလဲတွေကို လက်တွေ့ ဖော်ဆောင်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

 လေ့လာသူ အများစုကတော့ ဖျူထိုင်းဟာ ရွေးကောက်ပွဲမှာ မဲအများဆုံး ရနိုင်ပေမယ့် သောင်ပြိုကမ်းပြို အဆင့်ထိတော့ ပြတ်ပြတ်သားသား အသာစီးယူဖို့ ခက်လိမ့်မယ်လို့ ခန့်မှန်းထားပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ရေးကို အဓိက အားထုတ် ကြိုးစားရမယ်လို့ သုံးသပ်ကြပါတယ်။ ဖျူထိုင်းရဲ့ အဓိက မဟာမိတ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရတဲ့ မုဗ်ဖော်ဝပ် ပါတီဟာလည်း နောက်ပိုင်း ကာလတွေမှာ လူထု ထောက်ခံမှု တရိပ်ရိပ် မြင့်တက်လာနေကြောင်း သိရပါတယ်။