မေ၊ ၄
ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့ စံချိန်တင် ပူပြင်းလာမယ့် ရာသီဥတုမျိုးအတွက် တုံ့ပြန် စီမံနိုင်အောင် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ကုလသမဂ္ဂက သတိပေး အကြံပြုသွားခဲ့ပါတယ်။
ကမ္ဘာကြီးဟာ အယ်လ်နီညို အပူလှိုင်းဖြတ်မှုနဲ့ ကြုံနိုင်ခြေ မြင့်မြင့်မားမား ရှိနေပြီး မကြုံစဖူး စံချိန်တင် အပူချိန်မျိုးတွေ နိုင်ငံတော်တော်များများမှာ ကြုံလာနိုင်ခြေ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီး (WMO)က ထုတ်ပြန်ပါတယ်။ WMOရဲ့ အဆိုအရ အယ်လ်နီညို ဖြစ်စဉ်ဟာ ဇူလိုင် လကုန်မှာ ဖြစ်ပေါ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း၊ စက်တင်ဘာ လကုန်လောက်မှာ ၈၀ ရာခိုင်နှုန်းထိ ပေါ်ပေါက်နိုင်ခြေ ရှိနေကြောင်း သိရပါတယ်။
အယ်လ်နီညိုကြောင့် ကမ္ဘာတလွှားမှာ ရာသီဥတုနဲ့ မိုးလေဝသဆိုင်ရာ သမားရိုးကျ အခြေအနေတွေအပေါ် ပြောင်းလဲ သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်လို့ WMOရဲ့ ဒေသဆိုင်ရာ မိုးလေဝသ ခန့်မှန်းမှု ဌာနခွဲ အကြီးအကဲ ဝီလ်ဖရန် မူဖူမာ အိုကီရာက ပြောပါတယ်။
အယ်လ်နီးညို အပူလှိုင်းဖြတ်တဲ့ ကာလတွေမှာ တကမ္ဘာလုံးရဲ့ ရာသီဥတု ပူပြင်းမှုဟာ သိသိသာသာ မြင့်တက်လာလေ့ ရှိပါတယ်။ ကမ္ဘာကြီးဟာ ၂၀၂၀ ကစလို့ အယ်လ်နီးညိုရဲ့ ဆန့်ကျင်ဖက် အအေးလှိုင်းဖြစ်တဲ့ လာနီးဒါးရဲ့ သက်ရောက်မှုကို မကြုံစဖူး ရှည်ရှည်လျားလျား ကြုံတွေ့ခဲ့ခြင်းကြောင့် လွန်ကဲတဲ့ အပူဒဏ်ကို အထိုက်အလျောက် သက်သာရာ ရစေခဲ့ပါတယ်။
ဒါပေမဲ့ လာနီးဒါးက အခုနှစ်၊ ဇန်နဝါရီလမှာ အဆုံးသတ်သွားတဲ့နောက် အယ်လ်နီးညို ဝင်ရောက်လာဖို့ အားယူနေတာလို့ WMOက ဆိုပါတယ်။ အခုတောင် အာရှတလွှားမှာ ထူးထူးကဲကဲ စံချိန်တင် မြင့်တက်မှုတွေကို နေရာအနှံ့ ကြုံတွေ့နေကြရပါတယ်။
နောက်ထပ် ရာသီဥတု ထူးခြားဖြစ်စဉ် တခုခု ရှိမလာရင် ကမ္ဘာ့ရာသီဥတု ပူနွေးမှုဟာ ဆိုးသထက် ပိုဆိုးလာနိုင်တယ်လို့လည်း WMOက သတိပေးထားပါတယ်။ ကမ္ဘာတလွှားက နိုင်ငံ အစိုးရ အသီးသီး အနေနဲ့ စံချိန်တင် ပူပြင်းမှုတွေ နောက်ဆက်တွဲအဖြစ် အပူချိန် လွန်လွန်ကဲကဲ မြင့်တက်လာတာ၊ မိုးခေါင်တာမျိုးတွေအပြင် နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး သက်ရောက်မှုတွေ အတွက်ပါ ကြိုတင် တွေးတော ပြင်ဆင်ထားသင့်ကြောင်း အိုကီရာက ဆိုပါတယ်။
တိုင်းထွာမှုတွေအရ အခုနှစ်အတွင်း အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့တောင် အာရှ ဒေသတွေမှာ သမိုင်းတလျှောက် အပူဆုံး ဧပြီလကို ကြုံတွေ့ခဲ့ပြီး မြို့ရွာ အများအပြားဟာ အမြင့်ဆုံး စံချိန်တင် အပူချိန်တွေကိုပါ ကြုံခဲ့ရကြောင်း သိရပါတယ်။