မေ၊ ၄
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ ဝင်ငွေ အကောင်းဆုံး အားကစားသမားအဖြစ် ဦးဆောင်နေကြောင်း ကမ္ဘာကျော် စစ်တမ်း မဂ္ဂဇင်းကြီး Forbesက ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့နောက် ဇန်နဝါရီလမှာ ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် အယ်လ်နက်ဆာနဲ့ စာချုပ် ချုပ်ဆိုလိုက်ခြင်းက ရော်နယ်လ်ဒိုကို ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး အားကစားသမား ဖြစ်လာစေခဲ့ကြောင်း Forbesက ဆိုပါတယ်။
ပေါ်တူဂီ လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ၁၂ လတာအတွင်း ဒေါ်လာ ၁၃၆ သန်းထိ ဝင်ငွေ ရရှိခဲ့တာကြောင့် ခါးသီးပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ တနှစ်တာအတွင်း ဒေါ်လာ သန်းပေါင်း ၁၃၀ ဝင်ငွေကို ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ရော်နယ်လ်ဒိုဟာ အယ်လ်နက်ဆာနဲ့ တစ်နှစ်ကို ယူရို သန်း ၂၀၀ လုပ်ခလစာ ရရှိမယ့် စာချုပ်မျိုး လက်မှတ်ရေးထိုးထားကြောင်း သိရပါတယ်။
အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ရယူထားတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီက ဒုတိယ နေရာမှာ ရှိနေသလို သူ့ရဲ့ ကလပ်အသင်းဖော် ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီကလည်း တနှစ်အတွင်း စုစုပေါင်း ဝင်ငွေ ဒေါ်လာ သန်း ၁၂၀ ထိ ရရှိခဲ့ပြီး တတိယ နေရာမှာ ရပ်တည်နေပါတယ်။ တနည်းအားဖြင့် ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး အားကစားသမားတွေ စာရင်းရဲ့ ထိပ်ဆုံး ၃ နေရာစလုံးဟာ ဘောလုံးသမားတွေဆီ ရောက်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာမှ ဘတ်စကက်ဘော ကြယ်ပွင့် လီဘရွန်ဂျိမ်းစ်က တနှစ်ဝင်ငွေ ဒေါ်လာ ၁၁၉.၅ သန်းနဲ့ စတုတ္ထ၊ လက်ဝှေ့သမား ကာနယ်လို အယ်လ်ဗာရက်ဇ်က ဒေါ်လာ သန်း ၁၁၀ နဲ့ ပဉ္စမ နေရာတွေမှာ အသီးသီး ရှိနေကြပါတယ်။ ဂေါက်ရိုက် အားကစားသမားတွေဖြစ်တဲ့ ဒက်စတင်ဂျွန်ဆန်၊ ဖီးလ်မစ်ကယ်လ်ဆန်တို့ကတော့ အဲဒီနောက်မှာ ဒေါ်လာ ၁၀၇ သန်း၊ ၁၀၆ သန်းစီနဲ့ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေတယ်လို့ Forbesက ဆိုပါတယ်။
ဂျွန်ဆန်ဟာ မနှစ်က ဝင်ငွေ အကောင်းဆုံး အားကစားသမားတွေ စာရင်းမှာ ထိပ်ဆုံး အယောက် ၅၀ စာရင်းထဲတောင် မပါခဲ့ပေမယ့် ဆော်ဒီရဲ့ ငွေကြေးစိုက်ထုတ်မှုနဲ့ ကျင်းပခဲ့ပြီး အငြင်းပွားစရာတွေ ဖြစ်နေတဲ့ LIV ဖိတ်ခေါ်စီးရီး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့နောက် ဝင်ငွေ အလုံးအရင်း တိုးပွားလာတာ ဖြစ်ပါတယ်။ ဆော်ဒီဟာ လူ့အခွင့်အရေး ချိုးဖောက်မှု နာမည်ပျက်တွေကို အားကစားကို အသုံးပြုပြီး ခဝါချဖို့အတွက် အဲဒီပြိုင်ပွဲကို စီမံ ကျင်းပခဲ့တာဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။