ကရင်နီပြည်နယ်က မဟာဗျူဟာအရေးပါတဲ့လမ်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ထိုးစစ်ဆင်နေ

မေ ၊ ၃

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်(ကယားပြည်နယ်)က မဟာဗျူဟာအရ အရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဒီးမောဆိုမြို့ အရှေ့ခြမ်းကို လွိုင်ကော်နဲ့ ဘောလခဲတို့ကနေ စစ်မျက်နှာ နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

အဲဒီလမ်းပိုင်းဟာ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေကို လွိုင်ကော်မြို့ကနေ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ဖြည့်တင်းရာမှာ အရေးပါတဲ့အတွက် စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

“စစ်ကောင်စီက ဒီလမ်းပိုင်းကို အရေးပါတာကို သိတာပေါ့နော်။ ထိန်းချုပ်နိုင်ဖို့က မတ်လထဲက ကြိုးစားနေတာဖြစ်ပါတယ်။ အဓိကက ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်တို့ကို စစ်ကူနဲ့ ရိက္ခာတွေ ပို့နေတဲ့ ထောက်ပို့လမ်းကြောင်းပေါ့။ အစကတည်းက ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားသလို ဖြစ်တာပေါ့နော်။ အဲဒါကို စစ်ကြောင်းထိုးပြီးတော့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတငူးနဲ့ တနီးလာလဲကျေးရွာရှိ တောင်ကြောတွေပေါ်တွေကိုလည်း စံပြ (၆) မိုင်မှတဆင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက နှစ်လကြာ ခုခံတိုက်ခိုက်နေပါတယ်။ 

ဒီးမောဆိုမြို့နယ် ဒေါညေးခူရွာသို့ ဘော်လခဲဘက်ကနေ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာရာမှ ကရင်နီပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ အထိနာနေရာပြီး ဘောလခဲမြို့ကနေစစ်ကူတွေ ထပ်မံဖြည့်တင်းတိုက်ခိုက်နေပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့  စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကရင်နီပူးပေါင်းတပ်တွေက ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။ 

လွိုင်ကော်- မိုးဗြဲ လမ်းမကြီးတလျှောက် တပ်စွဲထားတဲ့ စစ်ကောင်စီ ကင်းပုန်းစခန်းတွေနဲ့ ကင်းစခန်းတွေကို အလစ်အငိုက်တိုက်ခိုက်နေသလို ရှားတောမြို့နယ်၊ ပွန်ချောင်းကျေးရွာအနီးက စစ်စခန်းတို့ဟာလည်း တိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီတပ်တွေ အထိနာခဲ့ပါတယ်။ စစ်ကောင်စီဟာ ရှားတောမြို့နယ်အတွင်းကိုလည်း ရှမ်းပြည်နယ် နယ်စပ်မှတဆင့် သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပါတယ်။ 

“ဧပြီလ တလတာ တိုက်ပွဲတွေက ဖယ်ခုံ၊ ပင်လောင်းနယ်စပ်မှာ တိုက်ပွဲတွေ ပြင်ထန်းနေတယ်။ တောင်းမဲသင်းနဲ့ မြောက်စလုံးကျေးရွာတွေမှာတော့ ခုချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတုန်းဖြစ်ပါတယ်။ စစ်ရေးအခြေအနေတွေ တင်းမာနေတုန်းဖြစ်ပါတယ်။ မိုးဗြဲအနီးတဝိုက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေတယ်။ ကျနော်တို့ ချုံခိုတိုက်ခိုက်တာ၊ အလစ်အငိုက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်” လို့ KNDFရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

ဧပြီလအတွင်းမှာ ကရင်နီပြည်နယ်နဲ့ ရှမ်းတောင်ပိုင်း ဖယ်ခုံနဲ့ပင်လောင်းတို့မှာ တိုက်ပွဲပေါင်း ၅၀ ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ၇၀ ဦးခန့် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ပွဲတွေမှာ ကရင်နီပူးပေါင်းတပ်က  ၃ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီရဲ့ စစ်သုံပန်း ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဒီလအတွင်း စစ်ကောင်စီတပ်တွေဟာ လေကြောင်းက ၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား (၁)ဦး သေဆုံး ၊ (၅)ဦး ဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ကြီးကြောင့်လည်း (၁) ဦးသေဆုံး၊ (၆) ဦး ဒဏ်ရာရရှိခဲ့ကာအရပ်သား(၁) ဦးမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ 

ဧပြီလထဲမှာ နေအိမ်ပေါင်း (၂၀) ကျော်၊ ပြည်သူ့ဆေးရုံးနဲ့ ဆေးပေးခန်း (၄) ခုနဲ့ ဘုရားကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ့  ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြေပြင်တိုက်ပွဲတွေမှာ အထိအခိုက်အကျအဆုံးများပေမယ်ေ ဝေဟင်အသားစီးနဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေအသုံးပြုကာ တိုက်ခိုက်နေပါတယ်။