ထန်းတပင်မှာ စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးသေ၊ ကလေးတဦးအပါအဝင် ငါးဦးဒဏ်ရာရ

မေ ၊ ၃

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ဘုမ္မတီးကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မေလ ၂ ရက် မနေ့က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး၂ ဦးအပါအဝင်၃ ဦးသေဆုံးကာ ကလေးတဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

“ မနေ့က ညနေ ၆ နာရီအကျော်မှာ လေယာဉ်ပျံလာတယ်။အဲဒီပြီးတာနဲ့ နောက်တစီးက ဗုံးတွေကြဲချလာတယ်။၄ လေး၊ ၅ လုံး လောက်ရှိတယ်။ တစီးကလည်း ပစ်တာပေါ့။အချိန်ကတော့ မိနစ်ပိုင်းလောက်ပဲ။ရေချိုးနေတဲ့ ကောင်မလေးကတော့ ပြော မနေနဲ့တော့ ခေါင်းနဲ့ ခန္ဓာနဲ့က မကြည့်ရက်စရာဖြစ်သွားတယ်။ နောက်လင်မယားနှစ်သောက်သေတယ်၊ ဒဏ်ရာရတာက ကလေးအပါဆိုရင် ၅ ယောက်လောက်ရှိမယ်နော်။” လို့ ဒေသခံတဦးက ပြောပါတယ်။

 ထန်းတပင်မြို့နယ်၊  ဘုမ္မတီးကျေးရွာအနီးမှာမေလ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်က အဲဒီနေ့ ညနေ ၆ နာရီကျော်ခန့်မှာ တောင်ငူလေတပ်စခန်းက ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့နဲ့ လေကြောင်းကနေ ဘုမ္မတီးကျေးရွာ၊ ကျွဲလမ်းကျေးရွာနဲ့ ဘုမ္မတီးကျေးရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျွဲလမ်းကျေးရွာနဲ့ သရက်တန်းကျေးရွာမှ အသက် ၃၀ နှစ်အရွယ်အမျိုးသားတဦး၊ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးတဦးနဲ့ အသက် ၃၀ နှစ်အရွယ်အမျိုးသမီးတဦးတို့ သေဆုံးသွားပြီး အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လေကြောင်းကနေတိုက်ခိုက်ခံရတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ယခင်ကတည်းက စစ်ရှောင်နေသူများရှိသလို တချို့ကတော့ ကျေးရွာထဲမှာပဲ ပြန်လာနေထိုင်နေကြသူများလည်း ရှိတယ်လို့  ဒေသခံတွေက ပြောကြပါတယ်။

“ ရွာမှာက ဒီလမကုန်ခင်မှာ  တိုက်ပွဲခဏခဏဖြစ်လာတယ်၊၊ ပြီးတော့ စစ်ကောင်စီကလည်း လက်နက်ကြီးတွေ ခဏခဏပစ်တယ်။ အဲဒါကြောင့် ဒီဘက်က ရွာလေးငါးရွာက ဒေသခံတွေက အရင်ကတည်းက ရှောင်နေကြတာလည်းရှိတယ်။တချို့ကျတော့လည်း ကိုယ့်အိမ်မှာပဲ ပြန်နေတာပေါ့။ ရှောင်နေကြတာများလို့ပဲ အထိအခိုက်နည်းသွားတာပဲထင်တယ်၊ ဒါမဟုတ်ရင် မလွယ်ဘူးနော်၊ အကုန်သေကုန်မယ်ထင်တယ်။” လို့ဒေသခံတဦးက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်း၊ ကြို့ပင်သာရွာမှ ဒေသခံတွေရာနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လည်း ဒေသခံ တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ ကျေးရွာဟာဆိုရင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေမှာ တည်ရှိပြီး အဲဒီကျေးရွာဘက်မှာ PDF တွေ ဝင်ထွက်လှုပ်ရှားနေတာလည်း ရှိပါတယ်။

ဒါ့အပြင်  KNU တပ်မဟာ ၂ က ခေါင်းဆောင်ပိုင်းတွေ အစည်းအဝေးလုပ်နေတာကို စစ်တပ်ကို သတင်းပေးလိုက်တာကြောင့် လေယာဉ်ကနေ ယခုလို ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေအကြားမှာ  ပြောဆိုနေကြပါတယ်။

DNAသတင်းဌာနအနေနဲ့တော့ အဲဒီအချက်ကို အတည်မပြုနိုင်သေးပါဘူး။