ပြည်အကျဉ်းထောင်က နိုင်ကျဉ်း ၄၉ ဦးလွတ်မြောက်

မေ၊ ၃
 
ပဲခူးတိုင်း‌အနောက်ခြမ်း၊ ပြည်မြို့ အကျဉ်းထောင်ကနေ နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ အကျဉ်းချခံထားသူ ၄၉ ဦး ယနေ့နံနက်က စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ပရဟိတအသင်းသားတဦး လွတ်မြောက်လာတာမရှိဘူးလို့ လွတ်မြောက်လာသူတွေနဲ့ မြို့ခံတွေထံက သိရပါတယ်
 
” ဒီတကြိမ် လွတ်တဲ့သူများတယ်။ လွတ်ရက်လည်း နီးနေကြပြီ။ အားလုံးက ၂ နှစ်ချခံထားရသူတွေများတယ်။ ပုံမှန်လျော့ရက်သာပေးရင် လွတ်ရက်တောင်ကျော်နေပြီ ” လို့ လွတ်မြောက်လာသူတဦးက DNA ကိုပြောပါတယ်။
 
လွတ်မြောက်လာသူ ၄၉ ဦးမှာ အမျိုးသား ၃၅ ဦး နဲ့အမျိုးသမီး ၁၄ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
 
လွတ်မြောက်လာသူတွေဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး သပိတ်တိုက်ပွဲတွေမှာ ပါဝင်ဆန္ဒပြလို့ ထောင်ဒဏ် ၂ နှစ်ကျခံထာရသူတွေဖြစ်ကာ လွတ်ရက်စေ့ဖို့ လပိုင်းသာလိုတော့တယ်လို့ ဆိုပါတယ်။
 
ယခုလွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူထဲမှာ ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းဝင် ကိုမျိုးညိမ်းဇော်ကို လွတ်လူစာရင်းတွင်ပါသော်လည်း လွတ်ပေးခဲ့တာမရှိဘူးလို့လည်း သိရပါတယ်။
 
” လွတ်လူစာရင်းကြေငြာတော့ ကိုမျိုးညိမ်းဇော်ပါတယ်ဆိုလို့ လာကြိုတာ။ အခုသူတို့က လွှတ်မပေးဘူး။ သူလည်း လွတ်ရက်နီးနေပြီ။ ချုပ်ရက်ကတော့ များတယ်။ သူတို့စစ်ကြောရေးမှာ သုံးလလောက်ချုပ်ထားခဲ့တာ။ ဘာကြောင့်လွှတ်မပေးတာလည်းတော့ မသိရသေးဘူး ” လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။
 
ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းကို စစ်ကောင်စီက၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်မှာ သပိတ်တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးသွားသူ အရပ်သားနှစ်ဦးရဲ့ နာရေးအခမ်းအနားတွေကို ဦးဆောင်ကျင်းပတယ်ဆိုပြီး အသင်းပိုင်မြေနေရာနဲ့ အများပြည်သူလှူဒါန်းထားသော ပစ္စည်းများအားလုံးကို သိမ်းဆည်းခဲ့ပါတယ်။
 
ဒါ့အပြင် ကိုမျိုးညိမ်းဇော်အပါအဝင် အသင်းသားအချို့ကို ခေါ်ယူစစ်ဆေးခဲ့ပေမယ့် သူ့ကိုတော့ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးထောင်ချခဲ့သလို အကြမ်းဖက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခံရသူလည်း ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီဟာ ဒီကနေ့ ကဆုန်လပြည့်နေ့၊ မေလ ၃ ရက်နေ့မှာ နိုင်ငံတဝှမ်းက ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျခံထားရသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ