လွတ်ရက်စေ့တော့မယ့် နိုင်/ကျဉ်း ၁၈ ဦး လွတ်ငြိမ်းခွင့်နဲ့ လွတ်

မေ၊ ၃
 
ပုသိမ်ထောင်က လွတ်ရက်စေ့ဖို့ ရက်ပိုင်းသာလိုတော့တဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၂ ဦး အပါအဝင် ၁၈ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မေလ ၃ ရက် နေ့ နံနက် ၁၁ နာရီဝန်းကျင်ကျော်က လွှတ်ပေးလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့သူတွေထံက သိရပါတယ်။
 
အကျဉ်းဦးစီးဌာနနဲ့နီးစပ်သူတဦးက “ အားလုံးလွတ်ဖို့ ရက်ပိုင်းပဲ လိုတော့တာပါ။ ခုလွတ်လာတဲ့သူတွေထဲမှာ လွတ်ဖို့လပိုင်းပဲလိုတဲ့ သူ ၂ယောက်ပဲပါတယ်။ ဒီမေလထဲမှာ လွတ်ရက်စေ့တဲ့သူက အများစုပါတယ် ” လို့ DNA ကို ပြောပါတယ်။
 
လွတ်ခွင့်ရရှိသူတွေဟာ ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် ၃ နှစ် စီ ကျခံနေကြရတဲ့ ပုသိမ်မြို့နယ်က အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး၊ ကျုံပျော်မြို့နယ်က အမျိုးသမီး ၁ ဦး၊ အမျိုးသား ၅ ဦး နဲ့ ကျောင်းကုန်းမြို့နယ်က အမျိုးသား ၉ တို့ဖြစ်ပါတယ်။
 
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အကြောင်း ဆန့်ကျင်ကန့်ကွက်တဲ့ POST တွေကို လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားတာ နဲ့ပါတ်သက်ပြီး စစ်ကောင်စီသတင်းပေး (ဒလန်)တွေက စုံစမ်းသတင်းပေးတာကြောင့် စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တာလို့ သိရပါတယ်။
 
လွတ်မြောက်လာသူတဦးရဲ့မိသားစုဝင်တဦးက “ စစ်တပ်အာဏာသိမ်းတာ မကြိုက်ဘူး။ အရင်ကလည်း အာဏာသိမ်းခဲ့ဖူးတယ်။ သူတို့အုပ်ချုပ်တာ တိုင်းပြည်ဘာကောင်းခဲ့လဲ။ ခုလည်း ဘာမှမကောင်းဘူး။ လွှတ်ပေးတာကလည်း လွတ်ခါနီးသူတွေကို နာမည်ကောင်းယူပြီး လွှတ်ပေးတာ ဘာမှကျေးဇူးတင်စရာ အကြောင်းမရှိပါဘူး။ တကယ်လွှတ်ပေးချင်ရင် ၅၀၅ – က တွေ အများကြီး ကျန်နေသေးတယ် ” လို့ ဆိုပါတယ်။
 
ပုသိမ်အကျဉ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းက နိုင်ငံအကျဉ်းသား ၅၀၀ နီးပါးရှိတဲ့ အနက် အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၇၂ ဦး ရှိနေပြီး ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် အသီးသီး ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး၊ အမျိုးသား ၃၀၀ ကျော် ဝန်းကျင် ရှိနေပါတယ်။
 
စစ်ကောင်စီဟာ ဒီကနေ့ ကဆုန်လပြည့်နေ့၊ မေလ ၃ ရက်နေ့မှာ နိုင်ငံတဝှမ်းက ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျခံထားရသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ