လာအိုက လူငယ်အတိုက်အခံဝေဖန်ရေးသမားတဦး ကော်ဖီဆိုင်မှာ အနီးကပ်ပစ်ခတ် လုပ်ကြံခံရ

မေ၊ ၃

လူသိများတဲ့ လာအို အတိုက်အခံ ဝေဖန်ရေးသမား လူငယ်တဦးဟာ ကော်ဖီဆိုင် ထိုင်နေတုန်း အနီးကပ် ပစ်ခတ် လုပ်ကြံမှု ခံခဲ့ရကြောင်း သိရပါတယ်။

အသက် ၂၅ နှစ်သာ ရှိသေးပြီး ဂျက်လို့ အလွယ်တကူ ခေါ်ဝေါ်ကြတဲ့ အနူဆာ လွန်ဆူဖမ်ဟာ ပြည်တွင်းမှာ လူသိများတဲ့ ဝေဖန်ရေး Facebook စာမျက်နှာ တခုကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာဟာ အတော်လေး လူသိများ အောင်မြင်သလို ကွန်မြူနစ် အစိုးရ အာဏာပိုင်တွေနဲ့ ပတ်သက်ရင် ထိရောက် အားကောင်းတဲ့ ဝေဖန်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

မီဒီယာ လွတ်လပ်ခွင့် အတော်လေး ကျပ်တည်းတဲ့တိုင် ဂျက်ရဲ့ Kub Kluen Duay Keyboard (Keyboardရဲ့ တွန်းအား)ဆိုတဲ့ Facebook Pageမှာတော့ ပြည်သူတွေကလည်း အာဏာပိုင်တွေနဲ့ ပတ်သက်လို့ သူတို့ မကျေနပ်တာတွေကို အတော်လေး ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ရေးသားလေ့ ရှိကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဂျက်ဟာ မြို့တော် ဗီယန်ကျန်းက ကော်ဖီဆိုင် တခုမှာ ထိုင်နေတုန်း မျက်နှာနဲ့ ရင်ဘတ်ကို သေနတ်နဲ့ အနီးကပ် တေ့ပစ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ လာအို အစိုးရ အနေနဲ့ အခုလို သွေးအေးအေး ကျူးလွန်တဲ့ လူသတ်မှုအပေါ် ထိထိရောက်ရောက် တုံ့ပြန် စုံစမ်းမှုတွေ မရှိသေးတဲ့အပေါ် ဝေဖန် မေးခွန်းထုတ်နေကြပါတယ်။

အဲဒီ တိုက်ခိုက်မှုကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး အညိုရောင် အင်္ကျီလက်ရှည်ဝတ်ပြီး ကပ်ဦးထုပ် အနက်ရောင် ဆောင်းထားတဲ့ သေနတ်သမားဟာ ကော်ဖီဆိုင်ထဲ ဝင်လာတဲ့နောက် ဂျက်ကို နှစ်ချက် ပစ်ခတ်ပြီး ထွက်ပြေး လွတ်မြောက်သွားတာ တွေ့ရပါတယ်။ သေနတ်သမားဟာ နှာခေါင်းစည်း ဝတ်ထားသလို ကော်ဖီဆိုင် တံခါးလက်ကိုင်ကိုလည်း လက်ဗွေရာ မထင်အောင် လက်ကိုင်ပဝါ တထပ်ခံပြီး သတိထား ကိုင်တွယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဂျက်ကို ဆေးရုံတင်ပို့ခဲ့ပေမယ့် ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ လာအိုနိုင်ငံမှာ အစိုးရကို ထိထိရောက်ရောက်နဲ့ ရဲရဲဝံ့ဝံ့ ဝေဖန်ခဲ့တဲ့ လူနည်းစုထဲက ထင်ရှားတဲ့ လူငယ်တဦး ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ထုတ်ပြန်ပါတယ်။

လာအို အစိုးရကတော့ ဒီလူသတ်မှုနဲ့ ပတ်သက်လို့ တိတိကျကျ တုံ့ပြန် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ HRW အပါအဝင် တက်ကြွလှုပ်ရှားသူတွေကတော့ အစိုးရ အနေနဲ့ အခုကိစ္စကို ဝတ်ကျေတမ်းကျေ သဘောမျိုးလောက်သာ တုံ့ပြန် ကိုင်တွယ်နေတာနဲ့ ပတ်သက်ပြီးလည်း ဝေဖန်နေကြပါတယ်။ 

HRWက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထင်ရှားတဲ့ လာအို အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူ နှစ်ဦး ပျောက်ဆုံးနေတဲ့ ကိစ္စကိုလည်း ထောက်ပြကြပါတယ်။ လာအို အစိုးရကတော့ အဲဒီ ပျောက်ဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘာမှ မသိဘူးလို့ တုံ့ပြန်ထားပါတယ်။

 

Ref: BBC