နန်းတက်ပွဲအကြို ကာလမှာ ဘက်ကင်ဟမ် နန်းတော်ကို ကျည်ကတ်တွေနဲ့ပေါက်ခဲ့တဲ့အမျိုးသား အဖမ်းခံရ

မေ၊ ၃

ဘက်ကင်ဟမ် နန်းတော်ကို ကျည်ကတ်တွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အမျိုးသား တဦးကို ဗြိတိန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။

မေ ၂ ရက် ညပိုင်းက အဲဒီ သံသယရှိသူ အမျိုးသားဟာ နန်းတော်ဆီကို ပြောင်းတိုသေနတ် ကျည်ကတ်တွေနဲ့ ပစ်ပေါက်ခဲ့တာလို့ ယူဆရတဲ့ အခြေအနေကြောင့် ဖမ်းဆီး ခံခဲ့ရကြောင်း၊ အဲဒီနေရာ တဝိုက်ကို အတားအဆီးတွေ ချထားပြီး ထိန်းချုပ် ဖောက်ခွဲမှုတခု အတွက်ပါ ပြင်ဆင်ခဲ့ရပါတယ်။

လောလောဆယ်တော့ အဲဒီ အမျိုးသားဟာ အန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက် ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး ခံထားရပါတယ်။ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတော့ မကြားရပါဘူး။

ဗြိတိန်မှာ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန် အခုလို ဖြစ်ရပ်နဲ့ ကြုံခဲ့တာပါ။ နည်းနည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားပေမယ့် အခု သီတင်းပတ်ကုန် နန်းတက်ပွဲနဲ့ ပတ်သက်လို့ ပြင်ဆင် လေ့ကျင့်မှုတွေကို ဘက်ကင်ဟမ် နန်းတော်ထဲမှာ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့တယ်လို့ တော်ဝင် မိသားစုရဲ့ ပြန်ကြားရေး အရာရှိတွေက ပြောပါတယ်။

ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲ အခမ်းအနားကို မေလ ၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ၊ တော်ဝင်မျိုးနွယ်တွေ တက်ရောက်ကြမှာပါ။ 

ရဲတွေက လက်ရှိ ဖမ်းဆီးထားတဲ့ အမျိုးသားရဲ့ နာမည်ကို မကြေညာသေးသလို သူရဲ့ လုပ်ရပ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကိုလည်း မသိရသေးဘူးလို့ ပြောပါတယ်။ သူဟာ စိတ်ကျန်းမာရေး ပြဿနာတချို့ ရှိနေတယ်လို့ ယုံကြည်ရတဲ့အတွက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ အရာရှိ တဦးကတော့ နန်းတော်နားမှာ လူတယောက်ကို ဖမ်းဆီးခဲ့ကြောင်း အတည်ပြုပေမယ့် ပစ်ခတ်မှုတွေ၊ အကြမ်းပတမ်း ကိုင်တွယ်ရတဲ့ အခြေအနေတွေ မရှိခဲ့ဘူးလို့ အတည်ပြုခဲ့ပါတယ်။

အခုအခါမှာ ရဲစုံထောက်တွေက ပြောင်းတိုသေနတ် ကျည်ကတ်တွေကို စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီး နန်းတော်တဝိုက်က ပိတ်ထားတဲ့ လမ်းတွေကိုလည်း နာရီပိုင်း အကြာမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဘက်ကင်ဟမ် နန်းတော်ကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဘာသဘောထား မှတ်ချက်မှ မပေးခဲ့ကြောင်း သိရပါတယ်။

 

Ref: BBC