ဘော်လခဲမှာ ရဲစခန်းအပါအဝင်နေရာလေးနေရာကို တော်လှန်ရေးအင်အားစုတွေ တပြိုင်တည်းဝင်စီး

မေ၊ ၃
 
ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ ဘော်လခဲမြို့တွင်းက စစ်ကောင်စီစခန်းချထားတဲ့ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.က ရုံး၊ မြို့မရဲစခနန်းနဲ့ ရုပ်/သံလွှင့်ဌာနတို့ကို ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်တို့က ဧပြီလ ၁ ရက်က တပြိုက်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်မှုထမ်းဟောင်းရုံးကို မီးရှို့ဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
“ ကျနော်တို့အနေနဲ့ ဘော်လခဲမြို့တွင်းကိုတော့ ဝင်ရောက်ခြိမ်းခြောက်နိုင်ခဲ့တယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးများခဲ့တယ်ပေါ့။ စစ်မှူထမ်းဟောင်းရုံးကိုလည်း ဝင်ရောက်မီးရှို့ဖျက်စီးနိုင်ခဲ့တယ်ပေါ့။ ဘော်လခဲဆိုတာ စစ်ကောင်စီရဲ့ ဗျူဟာထိုင်ထားတဲ့ မြို့လည်းဖြစ်တယ်။ ခရိုင်မြို့လည်းဖြစ်တယ် ” လို့ ဘော်လခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ်- ၁၁၀၅ နဲ့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)အမှတ် – ၁၁၀၈တပ်ရင်းတို့ဟာ ဘော်လခဲခရိုင် ပူးပေါင်းဗျူဟာ စစ်ကြောင်းအဖြစ် ဘော်လခဲမြို့တွင်းရှိ စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ နေရာ (၄) ခုကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အဲဒီတိုက်ပွဲဟာ မနက် ၄နာရီ၊ ၅၀ မိနစ်မှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့သလို မနက် ၇ နာရီခန့်မှာ ဘော်လခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်းက ပြန်ဆုတ်ခွာခဲ့တဲ့အတွက် တိုက်ပွဲကြာချိန် ၂ နာရီကျော်ကြာ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီမြို့တွင်း စီးနင်းတိုက်ခိုက်မှုမှာ စစ်မှူထမ်းဟောင်းရုံးကို မီးရှို့ဖျက်စီးနိုင်ခဲ့သလို လ.ဝ.က ရုံးကို ဝင်ရောက်ရှင်းလင်းရာ စစ်ကောင်စီရဲ့ အမှတ် ၄၃၀ တပ်ရင်းက စစ်ကူတွေ ရောက်ရှိလာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီစီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ ၇ ဦး သေဆုံးခဲ့သလို ၂၀ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိခဲ့တယ်ပါတယ်။ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ပြန်လည်ဆွဲထုတ်သွားပြီးဖြစ်သလို မေလ ၂ ရက်လည်း ဒဏ်ရာရလူနာတွေကို ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ယူသွားတယ်လို့ သိရပါတယ်။
 
ကရင်နီပူးပေါင်းတပ်တွေဘက်က ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ ကျည်ဘောက် ၉ ခုနဲ့ ဆက်စပ်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ ဘော်လခဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (BPDF)မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
 
“ အဲဒီတိုက်ပွဲပြီသွားတော့ အခုချိန်ထိတော့ တိုက်ပွဲထပ်ဖြစ်တာတော့ မရှိသေးဘူး။ စစ်ကောင်စီက ညဘက်မှာတော့ ပြည်သူတွေနေတဲ့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေတော့ရှိနေတယ် ” လို့ဘော်လခဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
လက်ရှိချိန်မှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ ရှိတဲ့ စစ်ရှောင်တွေနဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတယ်လို့လည်း ဆက်ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကလည်း စစ်ကောင်စီက ဘော်လခဲမြို့နယ်အတွင်းက သစ်လုပ်ငန်း လုပ်ကိုင်နေတဲ့နေရာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
 
ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘော်လခဲ၊ ဖားဆောင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ စစ်မျက်နှာ (၅) ခုဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ 
ဓာတ်ပုံ – ဘော်လခဲ PDF