မေ၊ ၂
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာငါးရွာက ဒေသခံ ၃၀၀ ကျော်ဟာ ၇ လနီးပါးကြာမြင့်လာပြီးဖြစ်တဲ့အတွက် အစားအစာဆေးဝါးနဲ့ သောက်သုံးရေ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အဖွဲ့တွေထံမှ သိရပါတယ်။
“ ရွာကနေ ထွက်ပြေးလာတာတာ၊ အခုဆို ၇ လနီးပါးကြာပြီလေ။ သူတို့အတွက် စားဖို့သောက်ဖို့၊ နေထိုင်ဖို့ အမိုးအကာတွေ၊ ခြင်ထောင်တို့၊ ဆေးဝါးတွေ လိုအပ်နေတာပေါ့။ ရေတွေလည်း အဆင်ပြေသလိုပဲ၊ မသန့်ဘူး၊ လိုအပ်တယ်။ သူတို့က ရွာကိုလည်း ပြန်လို့မရဘူး၊ အခုတောတောင်ထဲမှာ အဆင်ပြေသလို နေလာရတာ၊ ရေရှည်ကျတော့ အခက်အခဲတွေ ဖြစ်လာတာပေါ့ ” လို့ ကန့်ဘလူးမြို့နယ်မှ စစ်ရှောင်အကူအညီပေးနေသူတဦးက ပြောပါတယ်။
ကန့်ဘလူမြို့နယ်ထဲက ဆည်ကြီး၊ အင်ကြင်းမြိုင်၊ အင်ကြင်းစု၊ မြိုင်သာယာ၊ ပေးကုန်း(တောင်)အစရှိတဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ အရပ်သားတွေကို ပျူစောထီးအဖွဲ့ဝင်ကြဖို့ ဘုန်းတော်ကြီး ဥူးဝါသဝ ဦးဆောင်တဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ အတင်းအကြပ်ဖိအားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီလိုစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ ဖိအားပေးမှုကို ငြင်းဆန်ပြီး ပျူစောထီးအဖွဲ့ထဲကို မဝင်ချင်တာကြောင့် ယင်းကျေးရွာငါးရွာက ဒေသခံ ၃၀၀ ကျော်က မိမိနေရပ်ကို စွန့်ခွာကာ ဘေးလွတ်ရာတောတောင်ဥယျာဉ်ခြံမြေတွေထဲကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။
“ ရွာတွေထဲကို ပျူစောထီးတွေက ဝင်လာတယ်၊ ပျူစောထီးလုပ်ဖို့၊ သူတို့ စည်းရုံတာပေါ့။ ပျူစောထီးမလုပ်ချင်ဘူး၊ သူတို့ကို မထောက်ခံဘူးဆိုရင် ရွာထဲကနေ ထွက်သွားပေါ့၊ အဲလိုမျိုး။ ရွာသားတွေကလည်း မလုပ်ချင်လို့ စစ်ရှောင်စခန်းတွေဘက်ကို ထွက်လာတာပဲ။ ဒီလိုဖိအားပေးတာက ၅ ရွာ၊ ၆ ရွာလောက်ပဲ၊ နည်းပါတယ်။ ကျန်တဲ့ရွာတွေက မပြေးချင်တော့ ဒီလိုပဲ အတင်းအကြပ် ပျူစောထီး ဝင်လုပ်ကြရတာမျိုးတွေ ရှိနေတာပေါ့နော် ” လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
ကျေးရွာငါးရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ယခင်က နယ်မြေခံလူမှုရေးအဖွဲ့တွေနဲ့ စေတနာအလှူရှင်တွေက ပုံမှန်လှူဒါန်းပေးနေပေမယ့် လက်ရှိလှူဒါန်းပေးနေတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိလာတာဖြစ်တယ်လို့ စစ်ရှောင်အကူအညီပေးနေသူက ဆက်ပြောပါတယ်။
“ ဒီလိုပဲအကို၊ နည်းနည်းပါးပါးအလှူရတာလေးနဲ့ သူတို့နဲ့ နီးစပ်တဲ့ရွာခံတွေက လာလှူပေးတာမျိုးပေါ့နော်၊ တခြားရွာတွေကျတော့ စစ်ကြောင်းထိုးရင်ပြေး၊ စစ်ကြောင်းထွက်ရင် ပြန်နေ၊ သူတို့ကျတော့ အဲဒီကတည်းက ထွက်လာတာဆိုတော့၊ သူများတွေထက်စာရင် တောထဲမှာ ခက်ခက်ခဲခဲနေရတာပေါ့နော်၊ အခုသူတို့ကို လှူပေးနေတဲ့ ရွာဘက်ကလူတွေလည်း ပြေးနေရတော့ အဆင်မပြေတော့ဘူးလေနော် ” လို့ ပြောပါတယ်။
ဒါ့အပြင် ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ရှောင်ပြည်သူတွေ နေ့စဉ်အမျှထပ်တိုးလာနေပြီး စစ်ရှောင်တွေအတွက် နေထိုင်စားသောက်ရေးကို ရရှိလာတဲ့ရိက္ခာအပေါ်မူတည်ပြီး တခြားစစ်ရှောင်တွေကို ခွဲဝေထောက်ပံ့လှူဒါန်းနေရတာကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာလည်း ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ မိမိနေရပ်ကို ပြန်ချင်နေပေမယ့် စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ မတရားညှင်းပမ်းနှိပ်စက်ခံရမှာကို စိုးရိမ်နေရတာကြောင့် နေရပ်မပြန်ရဲဖြစ်နေတယ်လို့ စစ်ရှောင်တဦးက ဆိုပါတယ်။
“ ရွာပြန်ရင် သူတို့ဖမ်းမှာလည်း ကြောက်တယ်။ အိမ်တွေလည်း မရှိတော့ဘူးလို့ ကြားတယ်။ သူတို့တွေ မီးရှို့လိုက်တာနဲ့ ဖျက်ဆီးလိုက်တာလေ။ ပြန်ချင်တာပေါ့၊ ကိုယ့်အိမ်ကို ကြာပြီလေ ထွက်လာတာ၊ ဒီမှာက အနေအစားဆင်းရဲတယ် ” လို့ ပြောပါတယ်။
လက်ရှိ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း ခင်ဦးမြို့နယ်အစပ်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် ခမရ (၃၆၁)၊ (၃၆၈)တပ်နဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ စစ်ရှောင်အကူအညီပေးနေသူတွေက ဆိုပါတယ်။
ကန့်ဘလူမြို့နယ်မှာဆိုရင် စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှု၊ ပျူစောထီးအဖွဲ့တွေ ဖိအားပေးခြိမ်ခြောက်မှုတွေကြောင့် ဒေသခံတသိန်းနီးပါးက နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ရှောင်အကူအညီပေးနေတဲ့ အဖွဲ့တွေထံမှ သိရပါတယ်။
ဓာတ်ပုံ – Infinity Group