ဒီပဲယင်း၊ရေဦးနယ်စပ် မူးမြစ်ကမ်းဘေးရွာတွေစစ်ကြောင်းထိုးခံရလို့ ဒေသခံထောင်ချီတိမ်းရှောင်ရပြန်

မေ၊ ၁

စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ရေဦးမြို့နယ် အစပ် မူးမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်ကောင်စီက အင်အားရှစ်ဆယ် ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး ဒေသခံ ထောင်ချီတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ ရေးအဖွဲ့ကပြောပါတယ်။

ရေဦးမြို့နယ် မုတ်ဆီကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ ရေဦးမြို့နယ် တောင်ဘက် ဒီပဲယင်းမြို့နယ်အရှေ့ဘက်က မူးမြစ်ကမ်းဘေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

အဲ့ဒီလို စစ်ကြောင်းထိုးလာတာကြောင့် ရေဦး ဒီပဲယင်းနယ်စပ်က ဆည်ကြီး၊ ကုက္ကိုစု၊ ဇိန့်ဇွန်း၊ ရွာသာလေး၊ မူး သာကုန်း၊ ‌ပေါက်သာ၊ ညောင်လှ ၊ သရက်တော၊ လက်ယက်ကုန်း၊ မူးခံတွင်း စ‌တဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ ချီ တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရေဦးနယ်ထဲက ပေါက်သာရွာကို မီးရှို့ခဲ့ပြီး အခုညပိုင်းမှာ တော့ ပိဋိကတ်ကျ ကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ ရေးအဖွဲ့ကအသိပေး ထားပါတယ်။

လက်ရှိ ရေဦးနဲ့ ဒီပဲယင်းနယ်စပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က မနက်အစော ပိုင်း မှာ ရေဦးမြို့ တိုင်းရင်းဆေးရုံကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး ငြုပ်တုံရွာကို မီးရှို့ဖျက်ဆီးခဲ့သလို မုတ်ဆီရွာထဲ ကိုလည်း လက်နက်တွေပစ်ခတ်ဝင်ရောက်ခဲ့သေးတယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် ဒီကနေ့မနက်ပိုင်းမှာ မုတ်ဆီရွာကနေထွက်ခွာလာပြီး ဆက်လက်စစ်ကြောင်းထိုးနေတာပါ။ ဒီပဲယင်း နယ် အရှေ့ခြမ်းအနီးမှာ အဲ့ဒီလိုစစ်ကြောင်းထိုးနေတာရှိသလို ဒီပဲယင်းတောင်ဘက် ရွှေဘိုနယ် အနောက်ခြမ်းမှာ လည်း စစ်ကောင်စီစစ်ကြောင်းတခု လှုပ်ရှားနေပါသေးတယ်။

အဲ့ဒီစစ်ကြောင်းကတော့ ရွေဘိုနယ်အနောက်ခြမ်း မူးမြစ်ကမ်းအနီးက တည်ပင်ရွာမှာ တပ်စွဲထားတယ်လို့ သိရပါ တယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့မှုတွေကို စောင့်ကြည့်နေတဲ့ Data For Myanmar အဖွဲ့ရဲ့အချက်အလက်တွေ အရ အာဏာသိမ်းပြီးနောက် အခုနှစ် ဖေဖော်ဝါရီလကုန်အထိ တနိုင်ငံလုံးမှာ နေအိမ်ခြောက်သောင်းကျော်မီးရှို့ခံ ထားရပြီး ဒီပဲယင်းမြို့နယ်က နေအိမ် ခြောက်ထောင်ကျော်နဲ့ အများဆုံးပါဝင်နေပါတယ်။