မိုးဗြဲနဲ့ ဖယ်ခုံမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာလို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေရဲ့ အိမ်တွေပျက်စီး

မေ၊ ၁

 ကရင်နီပြည်နယ်(ကယားပြည်နယ်) မိုးဗြဲမြို့နယ်နဲ့ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ဒေသတွေမှာ လေပြင်းမုန်တိုင်းကျပြီး မိုးသီးနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံတွေနဲ့ စစ်ရှောင်တွေရဲ့ တဲအိမ်တွေနဲ့ ဆန်စပါးတွေ အများပြားပျက်စီးဆုံးရှုံးတယ်လို့ သိရပါတယ်။

မေလ ၁ ရက်က မိုးဗြဲမြို့တဝိုက်နဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ဒေသတွေမှာ တောထဲက ဒေသကာကွယ်ရေးတပ်တွေရဲ့ တဲနဲ့ ရိက္ခာတချို့လည်း ပျက်စီးခဲ့သလို စစ်ဘေးရှောင်တွေရဲ့ မိုးကာတဲတွေ နဲ့ ဆန်စပါးတွေ ပျက်စီးပြီး ရွာတွေထဲက အိမ်တချို့မှာ အိမ်အမိုးတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။ 

ဒီနေ့ လေပြင်းမုန်းတိုင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုခဲ့တဲ့ ဒေသအနီးဝန်းကျင်မှာ စစ်ရှောင် ၁၅၀၀ ထက်မနည်း ရှိနေတယ်လို့လည်း သိရပြီး အိမ်ခြေဘယ်လောက်ထိခိုက်တယ်ဆိုတာနဲ့ ဆန်စပါးဘယ်လောက်ပျက်စီးတယ်ဆိုတာကတော့မသိရသေးပါဘူး။ 

“မိုးသည်းထန်စွာ ရွာသွန်းလို့ မိုးသီးတွေလဲ အဆမတန် ကျတာကြောင့် နေရာအနံ့က တော်တော်လေး ပျက်စီးသွားပါတယ်။ ခုချိန်လတ်တလောတော့ အကုန်မသိရသေးပေမယ့် အိမ်မိုးပေါက်တာတွေရယ် အိမ်ထဲထိ မိုးသီးကြွေတာက လတ်တလောအခြေအနေပါပဲ။ အထူးသဖြင့်တော့ မိုးဗြဲ အနီးတဝိုက်ရွာတွေပါပဲ။ တောထဲ‌မှာရှိတဲ့ တော်လှန်ရေး ရဲဘော်တွေလဲ ဒီ ဒုက္ခကြုံနေရပါတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒီနေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်တွေနဲ့ တောထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မိုးကာအပါအဝင် မိုးဒဏ်လေဒဏ် ကာကွယ်ဖို့ ပစ္စည်းတွေ၊ အခြေခံစားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

  “ကျနော်တို့ နေတဲ့ ဘက်ခြမ်းကတော့ အနည်းအကျဉ်းပဲ တိုက်တယ်။ ပျက်စီးမှုက အရင်တခေါက်လောက်တော့ မများဘူး။ တဲထဲမှာ ရိက္ခာဆိုရင် ဆန်သော်လည်းကောင်း၊ ရိက္ခာသော်လည်းကောင်း တဲထဲမှာပဲ။ ပြေးတဲ့ နေရာကို သယ်သယ်သွားရတော့ ပျက်စီးမှု တချို့တော့ ရှိတာပေါ့။ ကွက်ကြားပုံစံမျိုးနဲ့ တိုက်သွားတာဆိုတော့ လေပြင်း အဓိကတိုက်တဲ့ နေရာတွေမှာ ပျက်စီးမှု ပိုဖြစ်မယ်။ အတိအကျတော့ မပြောနိုင်သေးပါဘူးခင်ဗျာ”လို့ မိုးဗြဲအရှေ့ခြမ်းက စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။ ဧပြီလ ၂၂ ရက်လည်း ဖယ်ခုံမြို့နယ်ထဲက စစ်ရှောင်စခန်းတွေဟာ လေးပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်အိမ်ထောင်စု ၇၀၀ ကျော်ခန့်ရဲ့ မိုးကာထဲတွေ ပျက်စီးသွားခဲ့သလို မိုးဗြဲမှာ အိမ်ထောင်စု ၄၅၀ ခန့်ရဲ့ စစ်ရှောင်တဲ ၆၀ ရာခိုင်နှုန်းခန့်ဟာ ထိခိုက်ပျက်စီးခဲ့ရပြီး မိုးကာတွေ အရေးပေါ်လိုအပ်နေသလို ပြန်လည်ပြုပြင်ရမယ့် အခြေအနေဖြစ်ခဲ့တယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ 

ဧပြီလ ၂၄ ရက်က ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ်မှာ နှစ်ဖက်တပ်ကြား တနေကုန်နီးပါး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၆ ရက်ကလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့သလို လက်ရှိမှာလည်း ဖယ်ခုံနဲ့ မိုးဗြဲမှာ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ အပြင်အထန်ဖြစ်ပွားနေတဲ့အတွက် အရပ်သား ပြည်သူ ၂သိန်းခွဲ ဝန်းကျင်ဟာ စစ်ဘေးရှောင် နေရတယ်လို့ သိရပါတယ်။