ဖားကန့်မှာ နှစ်ရက်ဆက်တိုက် အရပ်သားနှစ်ဦးပစ်ခတ်ခံရလို့သေဆုံး

မေ၊ ၁
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မနေ့ကဧပြီ ၃၀ ရက်နဲ့ ဒီကနေ့ မတ်လ ၁ ရက်နှစ်ရက်ဆက်တိုက် အရပ်သားနှစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက် ကြိုးတံတားထိပ်မှာ အမျိုးသားတဦးကို ဒီကနေ့မေလ ၁ ရက်နေ့မှာ စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဖားကန့်မြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ ဒါက အဲ့ဒီအရပ်က သတင်းပေးပို့ချက် ပို့ပေးလိုက်တာဖြစ်တယ်၊ မေလ ၁ ရက်နံနက် ၃ နာရီအချိန်မှာ စကစက ပစ်သတ်သွားတာလို့ သိရတယ်၊ သေဆုံးသူရဲ့ အလောင်းကိုတော့ ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက်မှာ တွေ့တာဖြစ်တယ် ” လို့ ဖားကန့်မြို့က ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
သေဆုံးသူဟာ ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွပ်မှာ နေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုအောင်ကျော်ဦး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
 
သေဆုံးချိန်မှာ ရင်ဘတ်ကျည်ဝင်ဒဏ်ရာ တစ်ချက်၊ ဘယ်ဘက်ပခုံးတွင် တစ်ချက်၊ နားထင်တွင် တစ်ချက်နှင့် ညာဘက်လက်မောင်းတွင် တစ်ချက် ဒဏ်ရာများဖြင့် ပစ်သတ်ခံထားရကြောင်းလည်း ဒေသခံတွေရဲ့ပြောပြချက်တွေအရ သိရပါတယ်။
ကချင်သတင်းမီဒီယာတခုဖြစ်တဲ့ Kachin News Group (KNG)ကတော့ တကိုယ်လုံး ရိုက်ထားတဲ့ဒဏ်ရာများအပြင် သေနတ်ဒဏ်ရာ ၄ ချက်နဲ့ ပစ်သတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
 
ပစ်သတ်ခံထားရချိန် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေအပြင် လက်မှာကြိုးတုပ်ထားတဲ့ ဒဏ်ရာဟောင်းများရှိနေတဲ့အတွက် စစ်ကောင်စီတပ်က ယခင်ကတည်းက ဖမ်းဆီးထားတဲ့အမျိုးသားဖြစ်နိုင်ကြောင်း ဒေသခံများပြောဆိုမှုများ ရှိနေကြောင်းကို ဖော်ပြထားပါတယ်။
 
ဒါ့အပြင်မနေ့က ဧပြီ ၃၀ရက်၊ နေ့လည် ၁ နာရီအချိန်ကလည်း ကုဋေမှော်ရွာမှာ တံမြက်စည်းရောင်းသူ အသက် ၃၀ အရွယ်အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပေမယ့် ဘယ်အဖွဲ့ကပစ်တယ်ဆိုတာ မသိရသေးပါဘူး။
 
ဒါ့အပြင် ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက်မှာ ဧပြီ ၂၄ ရက်နေ့ကလည်း KPDF တပ်ဖွဲ့ဝင်တဦးနဲ့ အမည်မသိအမျိုးသားတဦးတို့ အသတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
 
“ ဖားကန့်မြို့နယ်မှာ အခုလိုပစ်သတ်ခံရတာတွေက ဘယ်တုန်းကမှ လက်သည်မပေါ်ဘူး။ ၂၀၂၃ အတွင်း ဟိုဖက်ဒီဖက် အပြန်အလှန် သတ်ပြနေကြတာက ရေတွက်မထားမိတော့ပါဘူး ။ ပျမ်းမျှတွက်ရင် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ၃ ရက်ကို တယောက်နှုန်း သတ်ခံနေရတယ် ” လို့ ဖားကန့်မြို့ကဒေသခံတဦးက ပြောပါတယ်။ အဲဒီဒေသခံရဲ့ပြောကြားချက်ကိုတော့ DNA သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်းမှာ (၃၄၄၇) ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၂၈ ရက်နေ့က သတင်းထုပ်ပြန်ခဲ့ပါတယ်။
 
ဒါ့အပြင်စစ်ကောင်စီကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကြောင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လူပေါင်း ၅၄၇၅ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ