ဟားခါးမြို့ ချွန်ကျုံးကျေးရွာတိုက်ပွဲမှာ နှစ်ဖက်သေဆုံးထိခိုက်မှုရှိ

မေ၊ ၁
 
ချင်းပြည်နယ်၊ ဟားခါးမြို့မြို့အဝင်ဆိုင်းဘုတ်နဲ့ လေးမိုင်ဝန်းကျင်အကွာက ချွန်ကျုံးကျေးရွာမှာ ဧပြီ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ဒေသခံ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီက ချွန်ကျုံးရွာမှာ တပ်စွဲစခန်းချထားဖို့ ကြိုးစားရာက တိုက်ပွဲဖြစ်ခဲ့တာလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာတာကြောင့် လေကြောင်းကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” တိုက်ပွဲဖြစ်ပြီး တနာရီကျော်၊ တနာရီခွဲလောက်ကြာပြီးမှာ ဗုံးလာကြဲတယ်။ ပေါက်ကွဲသံတွေက အတိုင်းသားကြားနေရတယ် ” လို့ ဟားခါးမြို့ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီက ချွန်ကျုံးကျေးရွာကို ဗုံးခြောက်လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး လက်နက်ခဲယမ်းတချို့ကိုလည်း ကာကွယ်ရေးတဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ကာကွယ်ရေးတပ်တွေဘက်ကလည်း တဦးကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပေမယ့် နှစ်ဘက် ထိခိုက်သေဆုံးမှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။
 
ချွန်ကျုံးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ ဧပြီလဆန်းကတည်းက နှစ်ဖက်တိုက်ပွဲတွေဖြစ်နေခဲ့တာဖြစ်ပြီး ရွာကနေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။
 
ကလေးမြို့ကနေ ချင်းတောင်ပေါ်တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းစစ်ကြောင်းက ဧပြီလ ၁၁ ရက်နေ့၊ ၁၃ ရက်တွေမှာ မီးရှို့ဖျက်ဆီးလို့ ချွန်ကျုံးရွာက နေအိမ် ၄၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။
 
သံချပ်ကာကားနှစ်စီးပါဝင်တဲ့ အဲ့ဒီယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီလ ၁၃ ရက်နေ့မှာ ချွန်ကျုံးရွာမှာပဲ တစီးမကျန် တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဧပြီလဆန်းပိုင်းကစလို့ ချွန်ကျုံးကျေးရွာမှာ ဒေသခံတွေမရှိကြတော့ဘဲ ရွာကိုစွန့်ခွာပြီး တိမ်းရှောင်နေကြတာပါ။
 
ကလေးမြို့ကနေတက်သွားတဲ့ စစ်ယာဥ်တန်းပါ လက်ကျန်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဟားခါးမြို့ပေါ်က စစ်ကောင်စီစစ်သားတွေပေါင်းပြီး ချွန်ကျုံးကျေးရွာမှာ တပ်စခန်းချနိုင်ဖို့ ကြိုးစားနေတာကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ ချွန်ကျုံးကျေးရွာမှာ ခြေကုပ်ယူနိုင်ခြင်းမရှိသေးပဲ တိုက်ပွဲတွေမှာ အထိနာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 
ဓာတ်ပုံ – The Chin Post