ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရဲ့ လောင်စာဆီ သိုလှောင်ကန်တွေ အကြီးအကျယ် မီးလောင်ပျက်စီး

မေ၊ ၁

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု တခုကြောင့် ရုရှားရဲ့ လောင်စာဆီ သိုလှောင်ကန်တွေ ထားရှိရာ နေရာတခုမှာ အကြီးအကျယ် မီးလောင် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ယူကရိန်း ပိုင်နက် ဖြစ်ပေမယ့် ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်မှာရှိတဲ့ ဆိပ်ကမ်းမြို့ ဆီဗက်စ်တိုပိုလ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အကြီးအကျယ် ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ခဲ့တာပါ။ ဆီလှောင်ကန်တွေ မီးလောင်လို့ အနက်ရောင် မီးခိုးလုံးကြီးတွေ အူထွက်နေတာကို ကီလိုမီတာ တော်တော်များများ အကွာကနေတောင် တွေ့နေရပါတယ်။

ယူကရိန်း စစ်တပ်ကတော့ ဆီဗက်စ်စတိုပိုလ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဆီလှောင်ကန်တွေဟာ ရုရှားရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရမ်းအရေးပါတဲ့ ရင်းမြစ်တွေလို့ ပြောပါတယ်။

စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တဦးကတော့ ဒါဟာ ရုရှားကို ယူကရိန်းက အင်အား အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်မယ့် အစီအမံရဲ့ ကနဦး ခြေလှမ်းလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွက် ဆိုပါတယ်။ ဒီကိစ္စဟာ လူတိုင်း မျှော်လင့်နေကြပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ မီးကုန်ယမ်းကုန် ဆင်နွှဲမယ့် ထိုးစစ်အတွက် သွေးပူလေ့ကျင့်ခန်းလည်း ဖြစ်နိုင်တယ်လို့ ယူကရိန်း တောင်ပိုင်းတိုင်း စစ်ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ယူကရိန်စကာ ပရက်ဗ်ဒါက ဆိုပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆီဗက်စ်တိုပိုလ် မြို့ခံတွေဟာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ၊ ပြင်းပြတဲ့ ညှော်နံ့တွေကြောင့် အထိတ်တလန့် နိုးထလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရုရှား ခန့်အပ်ထားတဲ့ မြို့တော်ဝန်က ကိုဇာချာ ပင်လယ်အော်မှာရှိတဲ့ ဆီလှောင်ရုံတွေ ယူကရိန်းဒရုန်းနဲ့ တိုက်ခိုက်တာ ခံရတာလို့ ကြေညာခဲ့ပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေး အရာရှိ တဦးဖြစ်တဲ့ အန်ဒရီ ယူဆက်ဗ်က အဲဒီနေရာမှာ ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့အတွက် အသုံးပြုနေတဲ့ လှောင်စာဆီ သိုလှောင်ကန်ကြီး ၁၀ ခုထက်မနည်း ရှိတယ်လို့ ပြောပါတယ်။ သူက ဆီဗက်စ်တိုပိုလ်မြို့ကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့တော့ အတည်မပြုခဲ့ပါဘူး။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူကရိန်းက မြို့တွေကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အတွက် ဘုရားသခင်က ဒဏ်ခတ်တာလည်း ဖြစ်နိုင်တယ်လို့ ယူဆက်ဗ်က ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ယူကရိန်းမှာ ကလေးတွေ အပါအဝင် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

Ref: AFP