စစ်ဘေးနဲ့ မီးလောင်ပြင်ကြားမှာ ရေငတ်နေတဲ့ စစ်ကိုင်းတိုင်းထဲကပြည်သူတွေ

မေ၊ ၁
 
စစ်တပ်က အဖိနှိပ်ဆုံးစစ်ကိုင်းတိုင်းထဲမှာတော့ နေ့စဉ်လိုလို နေအိမ်တွေမီးရှို့ခံနေရပြီး ဒေသခံတွေ စစ်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံနေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့တဲ့အပြင် ဒေသခံတွေအားထားသောက်သုံးနေတဲ့ သောက်သုံးရေကန်တွေကို ဖျက်စီးတာတွေနဲ့ လယ်ယာစိုက်ပျိုးလို့မရအောင်ပါ ထပ်ပြီးလုပ်ဆောင်လာကြပါတယ်။
အိမ်ခြေ ၄၀၀ လောက် မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာမှာဆိုရင်လည်း စစ်ရှောင်တွေဟာ သောက်စရာရေမရှိတဲ့အထိ ဖြစ်နေကြပါတယ်။
” အမေတို့သောက်တဲ့ ရေမြောင်းကို စစ်သားတွေက ပိတ်သွားတော့ ရေမလာလို့ လုပ်မစားရဘူး။ ဒုက္ခရောက်တာတော့ စားရေးသောက်ရေးကော ရေပါသောက်စရာမရှိဘူး။ ဘုံဘိုင်တွေပါ မီးရှို့သွားတယ် ” လို့ ခင်ဦး မြို့သစ်ကျေးရွာက သက်ကြီးရွယ်အိုတဦးက ပြောပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်နောက်ဘက်ခြမ်းမှာရှိတဲ့ အုန်းတောတိုက်နယ်၊ ရေမြက်ကြီးတိုက်နယ်၊ စဒေါင်တိုက်နယ်အတွင်းက ကျေးရွာပေါင်း ၃ဝ ကျော်လောက်မှာဆိုရင်လည်း သောက်သုံးရေပြတ်လပ်မှုကို ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
ဧရာဝတီမြစ်နဲ့ အလှမ်းဝေးပြီး မြစ်ရေတင်စီမံကိန်း မရရှိတာ၊ ရေကန်တွေ ခမ်းခြောက်ကုန်တာတွေကြောင့် သောက်သုံးရေပြတ်လပ်နေပေမယ့် အကူအညီတွေလည်း မရောက်နိုင်ဖြစ်နေပါတယ်။
” စစ်ကိုင်းမြို့နယ်က မီးဘေးသင့်ရွာ ၃၀ ကျော်တယ်။ မြင်းမူဘက်ကော၊ မြောင်ဘက်ရော အတော်ခက်ခဲပါတယ်။ ဧရာဝတီမြစ်ဘေးကရွာတွေမှာတော့ အခက်အခဲမရှိဘူး မြစ်နဲ့နီးလို့၊ မြစ်နဲ့ဝေးတဲ့ မီးဘေးသင့်ရွာတွေကတော့ အတော်ခက်ခဲတယ်။ နွေရာသီလည်း ရောက်နေတော့ တချို့ရွာတွေက ရေလှောင်ကန်တွေက ခက်ခဲကုန်ပြီ။ ရှေးဟောင်းတွင်းတွေကပဲ စုယူကြရတာပေါ့။ စစ်ကိုင်းမှာတော့ ကြက်ခြေနီရော လူမှုရေးအသင်းတွေကရော လှူပေမယ့် မြို့နဲ့ ၁၅ မိုင်လောက်ဝေးရင်ကို သွားမလှူနိုင်တော့ဘူး။ စစ်တပ်ကိုကြောက်တာလည်း ပါတာပေါ့ ” လို့ စစ်ကိုင်းတိုင်းထဲက ဒေသခံတွေကို ကူညီပေးနေသူကဆိုပါတယ်။
 
အခုဧပြီလထဲမှာပဲ အိမ်ထောင်စုပေါင်း ၂၈၈ အိမ်လောက် မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်းထဲက အင်းစရွာမှာတော့ ရွာမီးရှို့ခံရတုန်းက သောက်သုံးရေကန်တွေထဲ ပြာကျကုန်တာကြောင့် ရွာနဲ့အတော်ဝေးဝေးမှာ ရေသွားခပ်နေကြရပါတယ်လို့ ဒေသခံတွေကို ကူညီနေသူတဦးက DNA ကိုပြောပါတယ်။
 
လက်ရှိမှာတော့ ရေခက်ခဲတဲ့ ဒေသတွေမှာ သောက်သုံးရေမသန့်တာတွေကို‌ သောက်နေရတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ ခန္ဓာကိုယ်မှာ‌ ရေဓါတ်ချို့တဲ့တာတွေနဲ့ မူးဝေပြီးအားနည်းတာတွေ အဖြစ်များနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
” သောက်ရေအခက်အခဲက အတော်ကြီးတယ်၊ ရေငန်တွေချည်းသောက်နေရတယ်၊
ရေချိုးဖို့တောင်မလွယ်ဘူး။ စစ်ရှောင်တွေက ပြန့်ကျဲနေတော့ အခက်အခဲကတော့ တော်တော်ခက်နေတယ်။ ပြည်တော်သာကန်ကြီးကလည်း မီးလောင်ပြာတွေနဲ့ဆိုတော့ မပြေလည်း သောက်နေရပဲ။ ဘုံဘိုင်ကဟာတွေကတော့ သောက်မရ ချိုးရေလောက်ပဲရတယ်။ ပြည်သူတွေခက်ခဲမယ်ဆိုတာ သိပြီးသား၊ နယ်သားတွေနဲ့ လိုက်ရှို့နေတာ။ မရှို့ခံထားရသေးတဲ့ရွာတွေလည်း ထပ်မရှို့ဖို့ပဲ ပြောချင်တယ် ” လို့ စစ်ကိုင်းတိုင်းထဲက အင်စရွာ ဒေသခံတဦးကလည်းဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့နှစ်ဖက်တိုက်ပွဲကြား စစ်ကိုင်းတိုင်းထဲမှာ ပြည်သူပေါင်း ၁၃ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နိုင်ငံတဝန်းစစ်ရှောင်ရတဲ့အထဲ အများဆုံးဖြစ်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ