မေ၊ ၁
ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးနေရာကို မန်ချက်စတာ စီးတီးက ပြန်လည် ရယူနိုင်ခဲ့သလို တိုက်စစ်မှူး အာလင် ဟာလန်းကလည်း နှစ်ပေါင်း ကိုးဆယ်ကျော်ကြာ တည်တံ့ခဲ့တဲ့ စံချိန်တခုကို လိုက်မီလာခဲ့ပါတယ်။
ဖူလ်ဟမ် အသင်းရဲ့ အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော်ဝေး လက်ရွေးစင် တိုက်စစ်မှူးက ပင်နယ်တီကနေတဆင့် ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် လက်ရှိ ချန်ပီယံ စီးတီးဟာ အာဆင်နယ်ကို ကျော်ပြီး အမှတ်ပေး ဇယားထိပ် ပြန်ရောက်လာသလို ဟာလန်းကလည်း ၁၉၃၁ ခုနှစ်ကစလို့ ပြိုင်ပွဲပေါင်းစုံမှာ ဂိုး ၅၀ ပြည့် သွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန် အဆင့်မြင့်တန်း ပြိုင်ပွဲဝင် ကစားသမား ဖြစ်လာပါတယ်။
ဒါ့အပြင် ဟာလန်းဟာ ၁၉၉၄ ခုနှစ်မှာ အန်ဒရူးကိုးလ်က နယူးကာဆယ် ယူနိုက်တက်အတွက်၊ ၁၉၉၅ ခုနှစ်မှာ အလန် ရှီးယားရားက ဘလက်ဘန်း ရိုဗာအတွက် အသီးသီး ရယူပေးခဲ့တဲ့ တရာသီအတွင်း ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ပူးတွဲစံချိန် ၃၄ ဂိုးကိုလည်း လိုက်မီသွားပါပြီ။ စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ခု ကစားဖို့ ကျန်သေးတာကြောင့် ဟာလန်းက အင်္ဂလန် ဂန္ထဝင် နှစ်ယောက်ကို ကျော်တက်ဖို့ အလားအလာ များနေပြီ ဖြစ်ပါတယ်။
စီးတီးရဲ့ မန်နေဂျာ ပက်ပ်ဂွာဒီယိုလာက ဟာလန်း လိုက်မီခဲ့တဲ့ ဂိုး ၅၀ စံချိန်ဆိုတာ ဗြိတိန်မှာ ဝင်စတန် ချာချီလ် ဝန်ကြီးချုပ် မဖြစ်သေးခင်ကဆိုတော့ အတော်ကြီး ကြာခဲ့ပြီလို့ ဆိုနိုင်ကြောင်း အရွှန်းဖောက်ခဲ့ပါတယ်။ သူက ဟာလန်းကို ဂုဏ်ပြုစကား ဆိုခဲ့သလို ဟာလန်းရဲ့ ဂိုးကြောင့် စီးတီးရဲ့ ရည်မှန်းချက်တွေကို ဆက်ပြီး အသက်ဝင်စေခဲ့ကြောင်း ပြောပါတယ်။
အသင်းကို ဟာလန်း ပထမဆုံး ရောက်ရှိလာတဲ့ ဘောလုံးရာသီမှာပဲ စီးတီးဟာ အဓိက ချန်ပီယံဆုကြီး သုံးခုကို သိမ်းကြုံး ဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ် ပီပီပြင်ပြင် ရောက်ရှိနေပါတယ်။
မှတ်တမ်းတွေအရ အင်္ဂလန် အဆင့်မြင့်တန်း အခြေစိုက် ကစားသမားတွေထဲမှာ ဟာလန်းဟာ ၁၉၃၁ ကစလို့ တရာသီတည်းနဲ့ ဂိုး ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ဟာလန်းဟာ ၄၄ ပွဲသာ ကစားပြီး သွင်းဂိုး ၅၀ ထိ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ၃၄ ဂိုး၊ ဥရောပ ချန်ပီယံလိဂ်မှာ ၁၂ ဂိုး၊ အက်ဖ်အေ ရှုံးထွက်ဖလားမှာ ၃ ဂိုးနဲ့ ကာရာဘောင်း ဖလားမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Ref: CNA