ဧပြီ၊ ၃၀
ရန်ကုန်မြို့၊ ပါရမီလမ်းပေါ်ရှိ စစ်တပ်ပိုင်မြေမှာ တည်ဆောက်မဲ့ နွေဦးအင်းလျားကွန်ဒိုတိုက်ခန်းတွေဟာ ၁၂ နာရီအတွင်း ဒေါ်လာ ၆ ဒဿမ ၀၆ သန်းဖိုး ရောင်းချခဲ့ရပြီး ဆက်လက်ရောင်းချနေရဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ပါတယ်။
နွေဦးအင်းလျားကွန်ဒိုတိုက်ခန်းတွေကို ဧပြီလ ၂၉ ရက်၊ ရန်ကုန်စံတော်ချိန် ၈ နာရီမှာ စတင်ရောင်းချနေတာဖြစ်ပြီး ခုချိန်ထိလည်း ဝယ်ယူနေကြသူတွေ၊ စားရင်းသွင်းနေကြသူတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“အခုရောင်းချနေရတဲ့ အတွေ့အကြုံအရကတော့ တော်တာ်များများ လာဝယ်ကြပါတယ်။ EOD အရင်က ကြော်ငြာထားသလိုပါပဲ တချို့နေရာတွေမှာဆိုရင် Agent (ကိုယ်စားလှယ်)တွေ စာရင်းသွင်းရောင်းတာ လက်ကိုမလည်ဘူးလို့ ကြားတယ်”လို့ နွေဦးအင်းလျာကွန်ဒိုအရောင်းကိုယ်စားလှယ်တဦးက ပြောပါတယ်။
အဲဒီကွန်ဒိုတိုက်ခန်းတွေကို ရန်ကုန်မြို့၊ ပါရမီလမ်းမပေါ်ရှိ ရှားပါးမြေနေရာကျယ်ဖြစ်တဲ့ စစ်တပ်ပိုင် မြေနေရာမှာ ဧက ၃၀ ထဲက ဦးထွန်းငြိမ်းလမ်းဘက်နေရာမှာ ဆောက်လုပ်မှာဖြစ်ပြီး ခုချိန်မှာ အခန်းပေါင်း ၇၅၀ ကို ရောင်းချပေးမှာဖြစ်သလို ထပ်တိုးရောင်းချမဲ့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
အရောင်းစတင်ဖွင့်လှစ်တဲ့ အချိန်မှ စတင်လို့ ၂၄ နာရီအတွင်းမှာ တော်လှန်ရေးကာလပေးသွင်းရမဲ့ ၄၀ ရာခိုင်နှုန်းကို ပေးချေပါက Early Bird စာရင်းဝင်မှာဖြစ်ပြီး နွေဦးအင်းလျားကွန်ဒိုတိုက်ခန်းတွေကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိမယ်လို့ သိရပါတယ်။
အင်လျားကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူလိုပါက ကွန်ဒိုတိုက်ခန်းတန်ဖိုုးရဲ့ ၄၀ ရာခိုင်နှုန်းကို ဒီနှစ် အောက်တိုဘာလ ၂၈ရက်နောက်ဆုံး ပေးချေရမှာဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးလွန်ကာလမှာ ပေးချေရမှာဖြစ်ပါတယ်။
တိုက်ခန်းတွေကို နိုင်ငံခြားသားတွေလည်း ဝယ်ယူနိုင်သလို တော်လှန်ရေးအလွန်ကာလမှာ နွေဦးရန်ကုန်ရဲ့ မြေကွက်နဲ့ တိုက်ခန်းတွေကို နိုင်ငံခြားသားတွေ ပိုင်ဆိုင်မှု ခွင့်ပြုချက်ကို သီးသန့်အမိန့်ဒီဂရီဥပဒေနဲ့ ပြဌာန်ပေးမယ်လို့ သိရပါတယ်။
နွေဦးအင်းလျားကွန်ဒိုတိုက်ခန်းစီမံကိန်ဟာ Spring Yangon Phase III ရဲ့ ဒုတိယမြောက်အစီအစဉ်အနေနဲ့ စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေအဖြစ် စီစဉ်ရောင်းချနေဖြစ်ပြီး နိုင်ငံတကာမှာရှိတဲ့ ကိုယ်စားပေါင်း ၅၈ ဦးထံကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။