ဧပြီ၊ ၂၉
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံးသွားသလို အဲ့ဒီပစ်ခတ်မှုက ထွက်ပေါ်လာတဲ့ သေနတ်သံကြောင့် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ရာက ဒေသခံအမျိုးသမီးတဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်က ရွှေနွယ်ဖြိုး လက်ဘက်ရည်ဆိုင်အနီးမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။
“ ကင်းလှည့်တာလား၊ (မြို့)အရှေ့ခြမ်းက ပြန်ဝင်လာတဲ့ စစ်ကြောင်းကို ကြိုဖို့လုပ်တာလားမသိဘူး၊ ရှေ့ကသူကို နောက်ကလိုက်တဲ့သူက သုံးချက်ပစ်တာ သေသွားတယ်၊ ပစ်တဲ့သူကိုလည်း ပြန်ဖမ်းမိသွားတယ်၊ ပစ်တဲ့သူကစိတ် မနှံ့ဘူးလို့တော့ သိရတယ်၊ ပစ်တဲ့သူက အသက် ၃၅ နှစ်ဝန်းကျင်ရှိမယ် ” လို့ ကောလင်းမြို့က ဒေသခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အချင်းချင်းပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ကြိုးတုပ်ပြီး ဖမ်းခေါ် သွားတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းကိုလည်း စစ်တပ်က တပါတည်းပြန်လည်သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီလို အချင်းချင်းပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက မြောက်အင်းရပ်ကွက်ထဲက လမ်းသုံးခုကို ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုကနေ ထွက်ပေါ်လာတဲ့ သေနတ်သံတွေကြောင့် တိုက်ခိုက်ခံရတယ်လို့ယူဆပြီး မြို့ပေါ်က ထွေအုပ်ရုံးနဲ့ နောက်ထပ်တနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်တွေဟာ ကောလင်းမြို့ပေါ်က ဝါးရုံတုန်းလမ်းမပေါ်နဲ့ မြို့အနီးက စိန်လည်၊ လွင်ကြီး စတဲ့ ကျေးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲကာ ဒေသခံတချို့ သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ ကောလင်းမြို့က မြေပြင်သတင်းတွေကိုဖော်ပြပေးနေတဲ့ Kawlin Info က ဖော်ပြပါတယ်။
စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဝါးရုံတုန်း လမ်းမပေါ်က ဒေါ်မိမုန်း အသုပ်ဆိုင်ထဲ ကျရောက်ပေါက်ကွဲကာ အသက်လေးဆယ်ဝန်းကျင်အရွယ် အသုပ်ဆိုင်ပိုင်ရှင် ဒေါ်မိမုန်း သေဆုံးသွားသလို ဆိုင်ထဲမှာရှိနေသူ လေးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ ပစ်ခတ်မှုဖြစ်တော့ ကျောင်းကြီးထွေအုပ်ရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြောက်လန့်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ပစ်တာ ” လို့ သူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အသေးစိတ်အချက်လက်တွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်တွေက ကောလင်းမြို့နယ်အရှေ့ခြမ်းမှာ စစ်ကြောင်းတွေလှည့်ထိုးကာ ဒေသကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
အဲဒီလိုစစ်ကြောင်းတွေထိုးနေချိန် ဧပြီ ၂၆ ရက်က ကောလင်းမြို့နယ်အရှေ့ခြမ်း ပေပင်ချောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးရာက KIA က စေလွှတ်ထားတဲ့ ကောလင်း PDF က တပ်ရင်းမှူးနဲ့ လက်ထောက်ဖြစ်သူတို့ ကျဆုံးခဲ့ပါတယ်။
ဒါ့အပြင် နောက်တရက် ဧပြီ ၂၇ ရက်မှာလည်း သဲတောရွာအနီးမှာ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးအပါအဝင် ၇ ဦးကို စစ်ကောင်စီတပ်က ပိတ်ဆို့တိုက်ခိုက်လို့ ကျဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – Google
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)