ကလေးမြို့နယ် တင်သားကျေးရွာထဲ လက်နက်ကြီးကျည်ကျလို့ သုံးဦးထက်မနည်းဒဏ်ရာပြီး တဦးဒဏ်ရာပြင်းထန်

ဧပြီ၊ ၂၉
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဧပြီ ၂၈ရက် ညနေပိုင်းမှာ တင်သားကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် အရပ်သားသုံးဦးထက်မနည်း ဒဏ်ရာရပြီး တဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ညနေလေးနာရီလောက်ကတည်း စထုတာ၊ အမှတ် (၆) ရပ်ကွက်ထဲကျတာ၊ တယောက်က ခြေထောက်ပြတ်သွားတယ်၊ ကျန်တဲ့ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ (လက်နက်ကြီးစ)စင်ပြီးထိတာက သုံးဦးထက်မနည်းပဲ ” လို့ ကလေးတောင်ပိုင်းဒေသခံတဦးက ပြောပါတယ်။
 
လက်နက်ကြီးကျည်ထိမှန်ပြီး ရွာထဲကနေအိမ်လေးလုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ထုတာကြောင့် တင်သားကျေးရွာနဲ့ ရှားဖိုကျေးရွာက ပြည်သူတချို့ဟာ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
 
” တင်သားက ပြေးတာပိုများတယ်၊ ရှားဖိုက ပြေးတာလည်း နည်းနည်းရှိတယ်၊ လှည်းတွေ၊ ကားတွေနဲ့ ပြေးကြတာပ၊ မပြေးတဲ့သူတွေကလည်း မပြေးသေးတာပဲရှိတာ၊ အထုပ်တွေတော့ ပြင်ထားကြတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
တင်သားကျေးရွာဟာ ကလေးမြို့နယ်တောင်ဘက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ထိစပ်ဒေသအနီးက ကျေးရွာဖြစ်ပြီး တိုက်နယ်ဆေးရုံလည်းရှိတဲ့ ရွာတရွာဖြစ်ပါတယ်။ စစ်ကောင်စီကတပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုလုပ်နေတယ်ဆိုတဲ့ ကြံသာရွာဟာ တင်သားရွာနဲ့ သုံးမိုင်ဝန်းကျင်သာ ဝေးပါတယ်။
 
စစ်ကောင်စီတပ်က မနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေကလည်း ကြံသာရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” အဲ့လိုပြန်ပစ်တော့မှကို ရပ်သွားတော့တာ ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းအစွန် ကြံသာရွာမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအစွန် ဟံသာဝတီကျေးရွာက စစ်ကောင်စီတပ်တွေဟာ အနီးအနားဝန်းကျင်က ကျေးရွာတွေနဲ့ ချင်းတောင်ခြေက စစ်ရှောင်တဲတွေဆီ မကြာမကြာလက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း ဟံသာဝတီကျေးရွာကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကုက္ကိုလ်၊ လယ်ခြားကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လယ်ခြားကျေးရွာက နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – အာဏာသိမ်းမှုကို လက်မခံကြောင်း ၂၀၂၁ ခုနှစ်အတွင်းက ဆန္ဒပြနေကြတဲ့ တင်သားရွာဒေသခံများ