ဧပြီ၊ ၂၉
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က စစ်တပ်အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း ပစ်သတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ မနက်က ပစ်ခံရတာ၊ လူငယ်ပိုင်းတွေပဲ ကားထဲက လူကို ဝိုင်းပစ်တာပဲ၊ လူတွေလည်း ကြောက်လန့်တကြား ဖြစ်သွားကြတယ်၊ အခု အရပ်ထဲကလူတွေပြောနေတာက ပစ်ခံရတဲ့သူက သေသွားတယ်၊ သူက စစ်တပ်အငြိမ်းစားလို့ ပြောနေကြတယ်၊ အဲလိုတော့ ကြားတယ်ဗျ ” လို့ ဗဟန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဦးရဲမင်းသန်းဟာ နေအိမ်ကနေ Suzuki Swit ကားနဲ့ တဦးတည်း မောင်းနှင်လာချိန် ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်အရောက်မှာ အမည်မသိလူငယ်နှစ်ဦးက သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သေနတ်ပစ်ခံရမှုကြောင့် ဦးရဲမင်းသန်းဟာ ရင်ဘတ်နဲ့ ကျောကုန်းတွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာလေးချက်နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြထားကြပါတယ်။
ဦးရဲမင်းသန်းက အသက် ၅၅ နှစ်အရွယ်ရှိပြီး ဗိုလ်မှူးရာထူးနဲ့ တပ်ဘက်ကနေ အငြိမ်းစားယူထားသူတဦးဖြစ်ကာ လက်ရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေသူတဦးဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ဆိုကြပါ တယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက အခင်းဖြစ်ပွားရာ လမ်းမတလျှောက်မှာ အင်အားအများအပြားနဲ့ ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
“ မနက်က ကျွန်တော်အရင်ပြန်လာတာ၊ အခုအဲနားကနေ ပြန်လာတဲ့ အမပြောတော့ ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်သားတွေ ရောက်လာတယ်၊ အဲမှာ သူတို့စစ်တယ်၊ တခြားလမ်းပိုင်းမှာ ပိတ်စစ်တာတွေလည်း လုပ်တယ်လို့ ပြောတယ် ” လို့ ဗဟန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ မသိရသေးသလို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေဘက်က ထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
ဒီကနေ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းဟာ တော်လှန်ရေး အင်အားစုအဖွဲ့ဝင်တွေကို ဖမ်းဆီးရာမှာ ပါဝင်ကူညီခဲ့သူလို့ ဖော်ပြကြတာတွေလည်း ရှိပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း စိုင်းကျော်သူဟာ တဦးတည်းကားမောင်းလာချိန်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
အဲ့ဒီပစ်ခတ်မှုကိုတော့ For the Yangon မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – စစ်အုပ်စုတယ်လီဂရမ်ချန်နယ်