ဧပြီ၊ ၂၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို သတင်းပေးခဲ့တဲ့လေးဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ NUG က ဒီကနေ့ထုတ်ပြန်ထားသလို ဖမ်းဆီးခံရသူတွေဟာ ပဇီကြီးရွာခံတွေဖြစ်တယ်လို့ ဒေသခံတွေကလည်း DNA ကိုပြောပါတယ်။
“ သူတို့လေးယောက်က ပဇီကြီးကျေးရွာသားတွေပဲ၊ အဲဒါကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း သတိထားမိတယ်၊ ဆက်စပ်မိပြီးတော့ ကျွန်တော်တို့ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေပေါင်းပြီး စောင့်ကြည့်နေတာကြာပြီ၊ မသင်္ကာလို့ ခေါ်ပြီးစစ်ဆေးတယ်၊ အဲ့မှာ သူတို့တွေ ဝန်ခံတယ်၊ သူတို့က စစ်တပ်ဘက်ကို သတင်းပေးခဲ့တာ ဖြစ်တယ်ဆိုပြီး ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဦးသိန်းရွေ (၅၃)နှစ်၊ ဦးချို (၆၁)နှစ်၊ ဦးဇော်မင်း (၃၆)နှစ်နဲ့ ဒေါ်ယဉ်ယဉ်ဝင်း (၃၀)နှစ်တို့ဖြစ်ကြပြီး သူတို့လေးဦးကို ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က (ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တရားခံတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ထွက်ပြေးလွတ်မြောက်နေတဲ့ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ (ကန့်ဘလူနယ်ခံဘုန်းကြီး)နဲ့ စစ်ကောင်စီသတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ နဲ့အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် မနက်ပိုင်းက ပဇီကြီးကျေးရွာမှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးရုံးသစ်ဖွင့်ပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းကနေ Yark – 130 တိုက်လေယာဉ်၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ NUG တို့ကပြောထားပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၈၀)ဦးကျော်သေဆုံးခဲ့ပြီး (၂၉)ဦးက အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ NUG အစိုးရနဲ့ မြေပြင်မှာ ကူညီပေးနေတဲ့ အဖွဲ့တွေက ဆိုကြပါတယ်။
အဆိုပါပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုဟာ အတွင်းလူတွေထဲက တဦးတယောက် စစ်တပ်ကို သတင်းပေးလိုက်တာဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နယ်မြေခံရွာသားတွေ ပူးပေါင်းပြီး သတင်းပေးသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လက်ရှိ ဒီကနေ့ မနက်ပိုင်းမှာလည်း ပဇီကြီးကျေးရွာနဲ့ ငါးမိုင်အကွာမှာရှိတဲ့ မယ်ဇတောကျေးရွာဘက်ကို စစ်ကောင်စီဘက်က အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ အခုက ပဇီကြီးကျေးရွာနဲ့ ငါးမိုင်လောက်အကွာက ရွာဘက်ကို စစ်ကြောင်းထိုးနေတာ၊ မယ်ဇတောရွာဘက်ကို၊ အဲဒီဘက်ကို သူတို့ ဦးတည်လာနေတယ်၊ အစပိုင်းက ၇၀ လောက်ရှိတယ်၊ သူတို့အင်အား အခု ၁၀၀ ကျော်လောက် ဖြစ်လာတယ်၊ အခုက သူတို့နဲ့ ထိပ်တိုက်မတွေ့သေးဘူး၊ သူတို့လာနိုင်တဲ့ လမ်းဘက်ကို ကြည့်နေကြတာ၊ ဒီကောင်တွေ ရွာထဲဝင်လာရင် တွေ့သမျှ မီးရှို့နေတာ၊ အဲဒီကလူတွေလည်း ပြေးကြကုန်ပြီပေါ့၊ ကြာပြီ ” လို့ သူက ပြောပါတယ်။
ပဇီကြီးလေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပြီးနောက် ဆယ်ရက်လောက်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေဘက်ကို အင်အားအများအပြားနဲ့ ရောက်လာပြီး လက်ရှိအချိန်အထိ စစ်ကြောင်းထိုးနေတာပါ။
စစ်ကောင်စီတပ်တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေသလို ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တွေလည်း မကြာခဏပြုလုပ်လေ့ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာဘက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – NUG