မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ်ရှည် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ ဂါနာချို

ဧပြီ၊​၂၉

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တက်သစ်စ လူငယ် ကစားသမားလေး အလက်ဂျန်ဒရို ဂါနာချိုကို နှစ်ရှည် စာချုပ်သစ်တရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ စပိန်နိုင်ငံဖွား၊ အာဂျင်တီးနား လူငယ် ကစားသမားလေးဟာ စာချုပ်သစ်အရ အိုးလ်ထရက်ဖို့ဒ် အားကစားရုံကြီးမှာ ၂၀၂၈ ခုနှစ်ထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဂါနာချိုကို သက်တမ်းတိုး စာချုပ်ဖို့ အသင်းဖက်က အင်တိုက်အားတိုက် ကြိုးစားနေခဲ့တာ လပေါင်းအတော်ကြာပြီ ဖြစ်ပေမယ့် ပုံရိပ် အသုံးပြုခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ကြန့်ကြာနေခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ ဂါနာချိုဟာ ယူနိုက်တက်မှာ အနာဂတ် ဆက်လက် မြှုပ်နှံဖို့ စိတ်ပိုင်းဖြတ်ပြီး အသင်းနဲ့ ၅ နှစ်သက်တမ်း စာချုပ်သစ်ကို လက်မှတ် ရေးထိုးခဲ့ပါ။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အက်သလက်တီကို မက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမားလေးက သူဟာ ယူနိုက်တက်ကို စရောက်ကတည်းက အသင်းနဲ့အတူ ပွဲထွက်ဖို့၊ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးမှာ ကစားဖို့၊ ယူနိုက်တက်အတွက် ဗွေဆော်ဦး ဂိုးကို သွင်းယူဖို့၊ အသင်းနဲ့အတူ ဆုဖလားတွေ ရယူဖို့ အိပ်မက်တွေ တသီတတန်းကြီးကို ဆုပ်ကိုင်ထားခဲ့ကြောင်း၊ အခုအခါမှာတော့ ယူနိုက်တက်မှာ ပါဝင်ကစားရင်း စိတ်လှုပ်ရှားစရာ၊ ဂုဏ်ယူစရာ အခိုက်အတန့် တချို့ကို စတင် ပိုင်ဆိုင်ခွင့် ရနေပြီဖြစ်လို့ ဝမ်းသာမိကြောင်း ပြောပါတယ်။

သူကိုယ်တိုင်လည်း နေ့စဉ်နဲ့အမျှ ပိုမိုရင့်ကျက်လာတယ်လို့ ခံစားမိပြီး အသင်းကို အစွမ်းကုန် ကူညီသွားချင်ကြောင်း၊ ထူးကဲလှတဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ ယူနိုက်တက်နဲ့အတူ ခမ်းနားတဲ့ အမှတ်တရ အသစ်တွေ ပိုမို ဖန်တီးပြချင်ကြောင်း ဂါနာချိုက ဆိုပါတယ်။

ဂါနာချိုရဲ့ စာချုပ်သစ် သတင်းနဲ့အတူ တရက်တည်း ထွက်လာတဲ့ တခြားသတင်း တခုကတော့ အသင်းမန်နေဂျာ အဲရစ် တန်ဟက်ဂ်ဟာ ဂါနာချိုကို အသက် ၂၀ အောက် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာဂျင်တီးနား လူငယ်အသင်းမှာ ပါဝင်ခွင့် မပေးဖို့ ဆုံးဖြတ်လိုက်တယ် ဆိုတာပါပဲ။ ဒဏ်ရာ အကင်းသေကာစ ကစားသမားလေးဟာ မေ ၂၀ မှာ စတင်မယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ အရမ်း လိုလိုလားလား ရှိနေသလို အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကလည်း မန်ချက်စတာမြို့ထိ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး ဂါနာချိုကို ရွေးချယ်ခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။

တကယ်လို့ ဂါနာချိုသာ အာဂျင်တီးနား လူငယ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ သွားရောက် ယှဉ်ပြိုင်မယ်ဆိုရင် သူဟာ ယူနိုက်တက်ရဲ့ ရာသီနောက်ပိုင်း ပွဲစဉ် အားလုံးနဲ့ သေချာပေါက် လွဲချော်မှာပါ။ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတဲ့တိုင် အခုရာသီဟာ ဂါနာချိုရဲ့ ကစားသမား ဘဝမှာ အတောက်ပဆုံး ကာလမျိုး ဖြစ်ခဲ့ပြီး ၃၁ ပွဲ ကစားရာမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Ref: ESPN