ထောင်တသက်တကျွန်းချမှတ်ခံထားရတဲ့ ဗကသကျောင်းသားတဦး သေဒဏ်ထပ်တိုးချခံရ

ဧပြီ၊ ၂၈

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း အမိန့်ချထားရာက သေဒဏ်အမိန့် ထပ်တိုး ချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

 ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက မတ်လ ၂၂ရက်မှာ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့နဲ့ တ သက်တကျွန်း အမိန့်ချမှတ်ထားရာက ဧပြီ ၂၅ ရက်မှာ သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 “ကိုကောင်းဆက်ပိုင် သေဒဏ်ချမှတ်ခံရတဲ့အနေအထားက ရှေ့နေလည်းငှားခွင့်မရဘူး၊သူ့ကိုတပ်ချင်တဲ့ ပုဒ်မ တပ်ပြီး ချချင်တဲ့အမိန့်ကို ချလိုက်တယ်လို့မြင်တယ်၊ဗကသရဲဘော်တယောက်ဆိုတာ သူတို့ကသိပြီးသားဖြစ်လို့ ဗကသကိုဦးတည်ပြီး ဖိနှိပ်တဲ့ပုံမျိုးလို့မြင်တယ်၊ဒါက အာဏာသိမ်း အကြမ်းဖက် ဖက်ဆစ်တပ်ရဲ့ မတရားလုပ် ရပ်ပဲလို့ ကျွန်တော်တို့အနေနဲ့ ရှုမြင်တယ်” လို့ ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင် တဦးက ပြောပါတယ်။

 ကိုကောင်းဆက်ပိုင်ကို ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ်အမိန့်တွေ ချမှတ်ခြင်းဟာ တဖက်သတ်စီရင်ချက် ဖြစ်လို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပြီး ဗကသရဲဘော်တွေအပါအဝင် လူထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စစ်အုပ်စုအနေနဲ့ တနေ့မှာ မလွဲမသွေ တာဝန်ယူရမယ်လို့ ဒီကနေ့ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

အသက် (၂၀)အရွယ် ကိုကောင်းဆက်ပိုင်ဟာ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအ ဖွဲ့ချုပ်) ရဲ့ မြေပြင်ရေးရာတာဝန်ခံတဦးဖြစ်သလို့ ဗကသများအဖွဲ့ချုပ်ရဲ့ မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ လူထု စည်းရုံးရေးလုပ်ငန်းစဉ်တွေကို တာဝန်ထမ်းဆောင်ခဲ့သူ တဦးလည်းဖြစ်တယ်လို့သိရပါတယ်။

ကိုကောင်းဆက်ပိုင်ဟာပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ၁ ရက်က ရန်ကုန်မြို့မှာဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပို ကိုလည်းထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

လက်ရှိအထိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အဖွဲ့ဝင်ကျောင်းသားသုံးဦး တသက်တ ကျွန်း အမိန့် ချမှတ်ခံထားရပြီး တဦးကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့သိရပါတယ်။

 နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မှတ်တမ်းတွေအရ ဒီကနေ့အထိ စစ်ကောင်စီ က လူ(၁၇၀၀၀)ကျော်ကို ဖမ်းဆီးအကျဉ်းချထားဆဲဖြစ်ပြီး (၅၇၀၀)ကျော်ကို ထောင်ဒဏ်တွေချမှတ်ထားပါတယ်။

အဲ့ဒီအထဲက (၁၁၁)ဦးဟာ သေဒဏ်တွေချမှတ်ခံထားရသလို မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူလည်း (၄၂)ဦး အထိရှိနေတယ်လို့သိရပါတယ်။