စစ်ကိုင်းတိုင်းက မြို့နယ်ခုနစ်ခု တပြိုင်တည်းစစ်ကြောင်းထိုးခံရ

ဧပြီ၊​၂၇
 
လက်ရှိတော်လှန်ရေးကာလအတွင်း လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်ခုနစ်ခုကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း တပြိုင်တည်း စစ်ကြောင်းထိုးမီးရှို့မှုတွေ လုပ်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ကြရသလို နေအိမ်မီးရှို့ခံရမှုတွေလည်း ရှိခဲ့ပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ ခင်ဦး၊ ဝက်လက်၊ ရွှေဘို၊ ကောလင်း၊ ကန့်ဘလူ၊ ဆားလင်းကြီး စတဲ့မြို့နယ်တွေမှာ စစ်ကြောင်းတွေထိုးခဲ့တာပါ။
 
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနှစ်ရာဝန်းကျင်အထိ ထိခိုက်သေဆုံးခဲ့တဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးရွာနဲ့ အနီးတဝိုက်စစ်ကြောင်းထိုးခဲ့တာကြောင့် ကျေးရွာဆယ်ရွာထက်မနည်းက ဒေသခံထောင်ချီ ထွက်ပြေးနေကြရသလို ၂၆ ရက်အထိ စာရင်းတွေအရ နေအိမ်တရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ကန့်ဘလူမြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာလည်း ဧပြီ ၂၄ ရက်ကစလို့ စစ်ကောင်စီက စစ်ကြောင်းနှစ်ခုခွဲကာ ကျေးရွာတွေထဲ လှည့်လည်စစ်ကြောင်းထိုးနေပြီး ရွာ ၁၇ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
ကောလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေက ဒီကနေ့အထိ စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ဒီအတောအတွင်း ဒေသခံဆယ်ဦးလောက် သတ်ဖြတ်ခံတာ၊ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သေဆုံးတာတွေ ရှိနေပြီး ရွာတချို့လည်း မီးရှို့ခံထားရပါတယ်။ ကောလင်းမြို့နယ်ထဲက လက်ရှိစစ်ကြောင်းထိုးမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေတွေကို မသိရသေးပါဘူး။
 
ခင်ဦးမြို့နယ်မှာတော့ ဧပြီ ၁၉ ရက်ကတည်းက စစ်ကြောင်းထိုးခံနေရတာဖြစ်ပြီး ဒီကနေ့အထိ အိမ်ခြေ ၄၅၀ နီးပါး မီးရှို့ခံထားရပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီဟာ ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာတရွာတည်းက နေအိမ် လေးရာကျော်အထိ ပြာကျပျက်စီးအောင် မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်မီးရှိုခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
 
ဆားလင်းကြီးမြို့နယ်မှာတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ညောင်ပင်ကြီးရွာရဲစခန်းနဲ့ ဆားလင်းကြီးမြို့ပေါ်ကို စစ်ကောင်စီတပ်က အသွားအပြန် စစ်ကြောင်းထိုးခဲ့တာကြောင့် အဲ့ဒီလမ်းတလျှောက်ရွာတွေက ဒေသခံတွေ ယာယီတိမ်းရှောင်ခဲ့ကြရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ သုံးရက်အတွင်း အရပ်သားကိုးဦးကို သတ်ဖြတ်ခဲ့ပြီး ဒေသခံသောင်းချီ တိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
သင်္ကြန်နှစ်ကူးကာလပြီးကတည်းက စစ်ကြောင်းထိုးခံနေရတဲ့ ဝက်လက်မြို့နယ်မှာတော့ စစ်ကောင်စီက စစ်ကြောင်းထိုးနေသလို ဒီကနေ့မှာ ဝက်လက်နယ်အနောက်ခြမ်းက မဲကုန်းရွာနဲ့ ကျီးကန်ရွာတဝိုက်ကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းက တိုက်ခိုက်ခဲ့သေးတယ်လို့ Wetlat Information Network က ဖော်ပြထားပါတယ်။
 
အလားတူ မြေပြင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာလည်း ဧပြီ ၂၄ ရက်က ရွာနှစ်ရွာကို တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒီကနေ့အထိ မြေပြင်စစ်ကြောင်းတွေ ဆက်ထိုးနေပါတယ်။
 
ထီးချိုင့်မြို့နယ်က တောမရွာနဲ့ မရသိမ်ရွာတို့ကို တရက်တည်း ခြောက်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းကလည်း တောမရွာကို မီးရှို့ခဲ့တယ်လို့ ထီးချိုင့် ရီဗော်လူးရှင်း လူမှုကွန်ရက်စာမျက်နှာက ဖော်ပြပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ဒီကနေ့အထိ လေးရက်အတွင်း ထီးချိုင့်မြို့နယ်ထဲက ရွာလေးရွာထက်မနည်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်မှုအခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
 
ရွှေဘိုမြို့နယ်မှာတော့ မနေ့က ညပိုင်းမှာ ရွှေဘိုမြို့နယ်အနောက်ဘက်က ချီပါကျေးရွာကို စစ်ကောင်စီတပ်တွေ အင်အားရှစ်ဆယ်ကျော်နဲ့ စတင်ရောက်ရှိလာတာကြောင့် ဒေသခံတွေ ညတွင်းချင်း တိမ်းရှောင်ကြရသလို ဒီကနေ့မနက်မှာ ကျေးရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဆိပ်ခွန်လမ်းအတိုင်း စစ်ကြောင်းတက်လာတယ်လို့ ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွှေဘိုဆိပ်ခွန်လမ်းပိုင်းကို ဖြတ်သန်းသွားလာမှုမလုပ်ဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီမြစ်သာခြားတဲ့ မန္တလေးတိုင်း စဉ့်ကူမြို့နယ်အတွင်းမှာလည်း စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပုံစာ – စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ခင်ဦးဒေသခံများ