ခင်ဦးမြို့မှာ စစ်ကောင်စီကနှစ်ရက်အတွင်း အိမ်လေးရာကျော်မီးရှို့

ဧပြီ၊ ၂၇
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက မြ်ို့သစ်ကျေးရွာကို စစ်ကောင်စီရဲ့စစ်ကြောင်းဟာ မနေ့က ဧပြီ ၂၆ ရက်ညနေပိုင်းကနေစတင်ပြီး ဒီကနေ့ဧပြီ ၂၇ ရက်အထိ အိမ်ခြေ လေးရာကျော်ကို စစ်ကြောင်းထိုးမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ မြို့သစ်က အိမ်ခြေ ၄၀၀ ကျော်ပါသွားတော့ ဒီကနေ့ နယ်မြေရှင်းလင်းရေးလုပ်ချိန်ထိ မီးကမငြိမ်းနိုင်ဘူး။ အိမ်တွေက ဆက်မကူးတော့ပေမယ့် လောင်နေတဲ့အိမ်တွေကငြှိမ်းလို့က ညနေခင်းထိ မပြီးဘူး။ အဲ့ဒီတော့ဒေသခံတွေက အိမ်ပြန်လို့မရသေးဘူး ” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး က ကိုနေသူရက DNA ကိုပြောပါတယ်။
 
အိမ်တွေမီးလောင်တာကြောင့် စစ်ရှောင်သုံးထောင်ဟာ အနီးဝန်းကျင်ကျေးရွာတွေက စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ နီးစပ်ရာတောတွေက ကုက္ကိုလ်ပင်တို့၊ ညောင်ပင်တို့အောက်မှာ တဲထိုးပြီး သွားရောက်စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
 
အဆိုပါစစ်ကြောင်းဟာ ဧပြီ ၁၉ ရက်နေ့က မြကန်ကျေးရွာအတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တောင်သူအမျိုးသား ၅ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။
 
အဲ့ဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်ကို စစ်အာဏာသိမ်းပြီးချိန်ကနေစတင်ပြီး ကျေးရွာပေါင်း (၇၀)ကျော်က နေအိမ်ပေါင်း (၅၀၀၀)ဝန်းကျင်ကို မီးရှို့ခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
 
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိနေပါတယ်။
 
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ တနိုင်ငံလုံးမှာ အိမ်ခြေပေါင်း ခြောက်သောင်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက လေးသောင်းရှစ်ထောင်နီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။ 
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး