နွားထိုးကြီးရဲစခန်းက ရဲတဦး ပစ်ခတ်ခံရပြီးသေဆုံး

ဧပြီ၊ ၂၇
 
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တဦးဟာ ဧပြီ ၂၆ ရက် မနေ့က ညပိုင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာ၊ မြင်းခြံ – ရေဝန်း သွား ကားလမ်းမဘေးက ထန်းဇင်ကန်​အနီးမှာ နွားထိုးကြီးမြို့နယ်ရဲစခန်းက ရဲတပ်သား ခိုင်မင်းထွန်းဆိုသူ ပစ်ခတ်ခံရပြီး နေရာမှာတင်သေဆုံးခဲ့တာလို့ ဆိုကြပါတယ်။
 
” ရဲစခန်းကနေ တဆင့်ကင်းစခန်းကို သွားနေတဲ့အချိန် ပစ်ခတ်ခံရတာပါ၊ သေနတ်နဲ့ပစ်တာ အချက်ရေအတော်များတယ်ဗျ၊ အခုတော့ စစ်တပ်နဲ့ ရဲတွေပေါင်းပြီး ပစ်ခတ်ရတဲ့နေရာအနီးတဝိုက် မေးမြန်းစစ်ဆေးတာတွေ လုပ်နေတယ်၊ အရပ်သားတွေဖမ်းခံရတာမျိုးတော့ မကြားမိသေးဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ရဲတပ်သား ခိုင်မင်းထွန်းဆိုသူဟာ မနေ့ကည၇ နာရီဝန်းကျင်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး စုစုပေါင်း ကျည်ထိမှန်ဒဏ်ရာ ကိုးချက်ရရှိကာ နေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး စစ်အုပ်စုက အဲ့ဒီရဲတပ်သားရဲ့ရုပ်အလောင်းကို ညတွင်းချင်း လာသယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
နွားထိုးကြီးမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ်၄-တပ်ရင်းကတော့ အဲ့ဒီပစ်ခတ်မှုကို သူတို့လုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး သေဆုံးသူဟာ ရဲတပ်ကြပ်ဖြစ်တယ်လို့ ဆိုပါတယ်။
 
နွားထိုးကြီးမြို့မရဲစခန်းကနေ မြို‌အရှေ့ဘက်ကင်းစခန်းရှိတဲ့နေရာကို ထွက်လာတဲ့ ရဲတပ်ကြပ်ခိုင်မင်းထွန်းကို ထန်းဇင်ကျေးရွာအနီးမှာ ရှင်းလင်းလိုက်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
” သိရသလောက်တော့ အဲဒီရဲက သေနတ်တွေဘာတွေတော့ မပါဘူး၊ တယောက်တည်းထွက်လာတာ PDF တွေက တားတော့ ဆိုင်ကယ်ရပ်မပေးဘဲ မောင်းပြေးလို့ ပစ်ခတ်ခံရတာပေါ့၊ အဲဒီဖြစ်စဉ်ပြီးတဲ့နောက် စစ်တပ်က အဲဒီနား စစ်ဆေးတာတွေလုပ်တယ်၊ အရပ်သားတွေဖမ်းခံရတာမျိုးတော့ မကြားမိဘူး ” လို့ PDF တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။ 
ဓာတ်ပုံ – NPDF (ပုံဟောင်း)​
ပုံစာ – နွားထိုးကြီး-တောင်သာလမ်းပေါ်မှာ စစ်ဆေးမှုလုပ်နေတဲ့ PDF တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဥ်