ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ်ခြောက်နှစ်ချမှတ်ထားတဲ့အမှုတွေ အယူခံတက်မယ်

ဧပြီ၊​ ၂၇
 
ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ခြောက်နှစ်ချမှတ်ထားတဲ့ အမှုသုံးခုအတွက် လာမယ့်ရက်ပိုင်းအတွင်း အယူခံဆက်တက်မှာဖြစ်တယ် လို့ KBC နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
” မနက်ဖြန် ဒါမှမဟုတ် သဘက်ခါ တရက်ရက် အယူခံဆက်တက်ပါလိမ့်မယ်၊ သုံးမှုလုံးအတွက် တက်ပါမယ်၊ ခရိုင်တရားရုံးမှာ အရင်တက်မယ်ထင်တယ်၊ အမှုကိစ္စတွေကျတော့ သေချာမပြောတတ်လို့ပါ၊ အဓိကတော့ အခုအမိန့်တွေက မျှတမှုမရှိတဲ့အတွက် အထက်ကိုတက်တာပါ ” လို့ KBC နဲ့နီးစပ်သူတဦးက ပြောပါတယ်။
 
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကစွဲဆိုထားတဲ့ အမှုသုံးခုအတွက် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ်ကျခံဖို့ စစ်ကောင်စီရဲ့ မြစ်ကြီးနားထောင်တွင်းတရားရုံးက ဧပြီ ၇ ရက်မှာ အပြီးသတ်အမိန့်ချခဲ့တာပါ။
 
ကချင်လူထုကြား ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) စတဲ့ အမှုသုံးခုနဲ့ စွဲဆိုခဲ့တာပါ။
 
အဲ့ဒီအမှုတွေထဲက ပုဒ်မ ၁၇(၁) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၉၅(က)အတွက် ထောင်ဒဏ် ၁ နှစ်နဲ့ ပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်းခြောက် နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
 
ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌ ဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွားမှာ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၅) ရက်က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
 
အဲဒီနောက် စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနဲ့ မတရားအသင်းအဖြစ်ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ်လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက် အပါအဝင် NUG အစိုးရရဲ့ ကချင်လူမျိုးဝန်ကြီးတွေနဲ့ တွေ့ဆုံတယ်လို့ဆိုကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော် ဆိုသူက တရားလိုလုပ် တရားစွဲတာတွေ လုပ်ခဲ့တာပါ။
 
သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ရဲ့ ဥက္ကဌဟောင်းတဦး ဖြစ်သလို လက်ရှိလည်း အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ဒါ့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR)ဥက္ကဌ လည်းဖြစ်သလို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ 
ဓာတ်ပုံ – Social Media