ငရုတ်ကောင်းမြို့အနီး ပင်လယ်မှာဖမ်းမိတဲ့ ရိုဟင်ဂျာ ခုနစ်ဆယ်ကျော်ကို ထောင်ဒဏ်ချမှတ်

ဧပြီ၊​၂၇
 
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၇၀ ကျော်ကို စစ်ကောင်စီရဲ့ ငပုတောမြို့နယ်တရားသူကြီးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ တရားရေးဌာနနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။
 
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ (၇၀)ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံသားမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆၃ က နဲ့ ဧပြီလ ၂၅ ရက်နေ့က ထောင် ၂ နှစ်စီ အမိန့်ချလိုက်တာပါ။
 
တရားလွှတ်တော်ရှေ့နေတဦးက ” လဝကနဲ့ ရဲက လာစစ်တယ်။ အဲ့စစ်ချက်နဲ့ အမိန့်ချလိုက်တာ။ ဥပဒေအရ ဘာမှလျှောက်လဲခွင့်မရဘူး ” လို့ DNA ကို ပြောပါတယ်။
 
အမိန့်ချခံရတဲ့ ၇၀ ဦးအနက်အသက် ၁၈ နှစ် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂၆ ဦးကို ငှက်အော်စမ်း လူငယ်လေ့ကျင့်စခန်းကို ပို့ဆောင်ပြီး အသက် ၇ နှစ်အောက်ရှိ ကလေး၂ ဦးကို ပုသိမ်မြို့ လူမှုဝန်ထမ်းဦးစီးဌာန ကလေးသူငယ်ပြုစုပျိုးထောင်ရေးကျောင်းကို ပို့ဆောင်မှာ ဖြစ်ကာ ကျန် ၄၂ ဦးကို ပုသိမ်အကျဉ်းထောင်ကို ပို့ဆောင်မယ်လို့ သိရပါတယ်။
 
ထောင်ဒဏ်အချခံရတဲ့ ရိုဟင်ဂျာ (၇၀)ဦးဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စွန့်ခွာလာကြသူတွေဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် မလေးရှားနိုင်ငံကို ပင်လယ်ရေလမ်းက သွားတာမှာ အဖမ်းခံရတာလို့ ဒေသခံ မူဆလင်လူမှုအဖွဲ့အစည်းဝင်အချို့ထံက သိရပါတယ်။
 
” နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံသားတွေပါ။ အသက်ရှင်ရပ်တည်ရေး အတွက် မွေးရပ်မြေကို စွန့်ခွါပြီး အလုပ်ရှာတာပါ ” လို့ မြန်မာမူဆလင်လူငယ်ကွန်ရက် အဖွဲ့ ဝင်တဦးက ပြောပါတယ်။
 
ရိုဟင်ဂျာ ၇၀ ဦးကို ဖမ်းစဥ်က ရဲတပ်ဖွဲ့က သိမ်းဆည်းထားတဲ့ မိုဘိုင်းဖုန်း ၃၅ လုံးနဲ့ ကျပ်ငွေ ၁၁ သိန်းကို ဒေသခံ မူဆလင်ဗလီဂေါပကအဖွဲ့ကို အပ်နှံဖို့ လဝက ဦးစီးဌာနက ရဲတပ်ဖွဲ့ ကို စာနဲ့ အကြောင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။
 
ရိုဟင်ဂျာတွေ စီးလာတဲ့ စစ်လှေ ၂ စီး ကို ရဲတပ်ဖွဲ့ က သိမ်းဆည်းလိုက်ပြီး ပို့ဆောင်ပေးတဲ့ စက်လှေသမား ဗမာ ၇ ဦးကို လူကုန်ကူးမှုပုဒ်မနဲ့ အမှုဖွင့် စစ်ဆေးနေစဲလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
 
ဧပြီလ ၁၉ ရက်နေ့က အသက် ၁၈ နှစ် မပြည့်သေးသူတွေပါဝင်တဲ့ အဲဒီရိုဟင်ဂျာ အမျိုးသား (၅၈) ဦး၊ အမျိုးသမီး (၁၂) ဦးနဲ့ ပို့ဆောင်ပေးတဲ့ ဗမာ ၇ ဦးကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီးရှိ ပင်လယ်ပြင်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တာပါ။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းကလည်း ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၇၀၀ ဦးကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး လူ၀င်မှုကြီးကြပ်ရေး ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။
 
ဖမ်းဆီးခံရသူ အယောက် ၇၀၀ ကျော်အနက် အယောက် ၅၀၀ ကျော်ကို ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့‌ပြီးဖြစ်တယ်လို့ တိုင်းတရားရေးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်၊ ဩဂုတ်လက မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာခုနှစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
 
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့ ပြောဆိုမှုတွေရှိပါတယ်။
 
ဒါပေမယ့်အာဏာသိမ်းပြီးနောက် ဒေသအသီးသီးမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေအပေါ် အရင်ကထက်ပိုပြီး တင်းကြပ်တဲ့ အရေးယူမှုတွေ လုပ်နေတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေက ဝေဖန်ထားပါတယ်။
 
၂၀၁၂ခုနှစ် ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပွါးပြီးနောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ Camp တွေထဲမှာသာ နေထိုင်ရပြီး ရခိုင်ပြည်နယ်ပြင်ပကို ထွက်ခွင့် မရခဲ့ပါဘူး။
 
ရခိုင်ပြည်နယ်ကနေ မလေးရှားလို နိုင်ငံမျိုးကို ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ဖမ်းဆီးတာခံရတာလည်း ရှိနေသလို ရေလမ်းခရီးမှာ သေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
 
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဦးရေ သုံးထောင်ကျော်ရှိနေပြီး အားလုံးကတော့ လူကုန်ကူးခံတာတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာလူကုန်ကူးမှုစောင့်ကြည့်ရေး အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ 
ဓာတ်ပုံ – Supply