ကျိုက်ထိုမှာ စစ်ကောင်စီနဲ့ PDFတိုက်ပွဲဖြစ်၊ နှစ်ဖက်အကျအဆုံးရှိ

ဧပြီ၊ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။

စစ်ကောင်စီရဲ့ လူကြီးလမ်းကြောင်းယာဉ်တန်းကို တိုက်ခိုက်ဖို့သွားရောက်ခဲ့ပေမယ့် ဝါးဟားဟားကလေးကစားကွင်းအနီးမှာ အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတ်တိုက်တွေ့ဆုံပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ပစ်ခတ်တိုက်ခိုက်မှုမှာ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကြားညှပ်တိုက်ခိုက်ခံခဲ့ရကာ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါး ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်စလုံးက အကျအဆုံးရှိခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

“ယာဉ်တန်းကို သွားပစ်တာ၊ ကင်းပုန်းနဲ့ဆုံပြီး ပစ်ခတ်မှုဖြစ်သွားတာ၊ သူတို့ဘက်က ကြိုတင်ပြင်ဆင်ထားတဲ့ပုံစံမျိုးပါ၊ သူတို့ဘက်က အင်းအားများတယ်၊ ဒီဘက်ကတော့ ၁၄ ယောက်လောက်ပဲ ပါသွားတယ်၊ သုံးနေရာ ကနေပြီး ညှပ်ပစ်ခံလိုက်ရတယ်၊အလယ်က ကိုယ်တွေ ဖြစ်သွားတာပေါ့၊ ကျွန်တော်တို့ဘက်က တဦးကျတယ်၊ သူတို့ဘက်က အကျအဆုံးရှိတယ်၊ ပစ်ကြတာ အရမ်းမှ မဝေးတာ၊ ထိတာ၊ လဲကျတာတွေ့တယ်၊ နှစ်ယောက်၊ သုံးယောက် လောက်။”လို့ ပြောပါ တယ်။

ဒါအပြင် မနေ့ ဧပြီ ၂၅ ရက် ညနေပိုင်းမှာလည်း ကျိုက်ထိုမြို့နယ် ၊မုပ္ပလင်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ယင်းနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေဘက်က ကားနဲ့ ပြန်လည်ဆုတ်ခွါခဲ့တယ်လို့ဆိုပါတယ်။

အဲလိုဆုတ်ခွါရာမှာကျိုက်ထိုမြို့နယ် ၊မိုးဘောနတ်စင်ရွာတံတားအရောက်မှာ ကားတစီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီကားပေါ်မှာ PDF တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထား ပါတယ်။

ကားပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း မဟုတ်သလို အဲဒီဖြစ်စဉ်မျိုး ဖြစ်ခဲ့တာ ကို ကြားသိရခြင်းမရှိဘူးလို့ ကျိုက်ထို PDF ဘက်က တုံ့ပြန်ပါတယ်။

“မဟုတ်ဘူး၊ ဗုံးပေါက်တာမဟုတ်ဘူး၊ မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့သွားပစ်တာပဲ၊ ညနေ ၄ နာရီ ၊၂၀ မှာ၊ ပစ်ပြီး သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်လို့ အေးဆေးပဲ ပြန်ဆုတ်လာတယ်၊ အထိအခိုက်မရှိပါဘူး၊ သူတို့ဘက်က ပြန်ပစ်တာရှိတယ်၊ ခြံထဲကို ကျတယ်။ ဘာမှ မသေပါဘူး၊ သိတောင်မသိဘူး။” လို့ ပြောပါတယ်။

ကျိုက်ထိုဒေသခံတွေရဲ့ ပြောဆိုချက်အရတော့ မနေ့က ကျိုက်ထိုမြို့နယ် မိုးဘောနတ်စင်ရွာဘက်မှာ လက်နက်ကြီးပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အဲဒီအနားမှာ ကားတစီးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

“ မနေ့က လက်နက်ကြီးကျတဲ့အသံတော့ ကြားရတယ်၊ ကားပေါက်ကွဲမှုဖြစ်တာတော့ မကြားပါဘူး၊ ဒါပေမယ့် အိမ်တလုံးမှာ ပေါက်ကွဲမှုဖြစ်ပြီး အဲမှာလူတွေ သေတယ်လို့ ကြားရတာမျိုးတော့ ရှိတယ်။ဟုတ်၊ မဟုတ်တော့ သေချာမပြောနိုင်ဘူးပေါ့။” လို့ ပြောပါ တယ်။

ဒါအပြင် မနေ့က ဧပြီ ၂၅ ရက် ည၁၂ နာရီခန့်မှာ ဘီးလင်းမြို့နယ် ၊ကန်သာယာရပ်ကွက်၊ အောင်ချမ်းသာကွက်သစ်မှာ ရှိတဲ့ ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆာက်အဦအတွင်းအပြင်၊ တံခါး၊ မျက်နှာကျက် အစရှိတာတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။