ကဘူးလ်လေဆိပ် ဗုံးခွဲမှု အဓိက ကြိုးကိုင်သူကို တာလီဘန်တွေ ရှင်းလင်းလိုက်ကြောင်း အမေရိကန် အတည်ပြု

ဧပြီ၊ ၂၆

ကဘူးလ်လေဆိပ် ဗုံးခွဲမှုကို အဓိက ကြိုးကိုင် ညွှန်ကြားခဲ့တဲ့ အိုင်အက်စ် အကြမ်းဖက် ခေါင်းဆောင် တဦးဟာ အာဖဂန် နစ္စတန်မှာ တာလီဘန်တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားပြီလို့ အမေရိကန်က အတည်ပြုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတုန်းက အာဖဂန်ရဲ့ မြို့တော် ကဘူးလ်မှာ ဖြစ်ပွားတဲ့ ဗုံးခွဲမှုကြောင့် အမေရိကန် စစ်သား ၁၃ ဦးနဲ့ အရပ်သားပြည်သူ ၁၇၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက အာဖဂန်ကို တာလီဘန် စစ်သွေးကြွတွေက ထိန်းချုပ် သိမ်းပိုက်လိုက်တဲ့နောက် ပြည်တွင်းကနေ အလန့်တကြား တိမ်းရှောင် ထွက်ပြေးဖို့ ကြိုးစားသူတွေ စုဝေးနေတဲ့အချိန် လေဆိပ် ဗုံးကွဲခဲ့တာပါ။ အိုင်အက်စ်တွေ ကျူးလွန်တဲ့ တိုက်ခိုက်မှုကြောင့် လေဆိပ်မှာ လုံခြုံရေး ယူထားပေးတဲ့ အမေရိကန် စစ်သည်တွေပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အာဖဂန်ရဲ့ တာလီဘန် အာဏာပိုင်တွေက အဲဒီ အကြမ်းဖက်မှု နောက်ကွယ်မှာ ရှိနေတဲ့ အိုင်အက်စ် ခေါင်းဆောင်ကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အိုင်အက်စ် ခေါင်းဆောင် ဘယ်သူလဲ ဆိုတာကိုတော့ နာမည် အတိအကျ မထုတ်ပြန်ပါဘူး။

ထောက်လှမ်းရေး အချက်အလက်တွေရယ်၊ အာဖဂန်က အခြေအနေတွေကို စောင့်ကြည့်နေမှုတွေရယ်ကို အခြေခံပြီး အမေရိကန်က အဲဒီ အိုင်အက်စ်ခေါင်းဆောင် သေဆုံးမှုကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဗုံးခွဲမှုမှာ အဓိက အကျဆုံးလို့ ယူဆရမယ့် လူပုဂ္ဂိုလ်ဟာ တာလီဘန်တွေ ရှင်းလင်းတာ ခံခဲ့ရပြီလို့ အမေရိကန် အစိုးရရဲ့ ကျွမ်းကျင်သူတွေက လေးလေးနက်နက် ယုံကြည်နေကြောင်း အမေရိကန် အစိုးရ အရာရှိ တဦးက CBS သတင်းဌာနကို ပြောကြားသွားပါတယ်။

New York Times သတင်းဌာနက အမေရိကန်ဟာ အဲဒီ အိုင်အက်စ် ခေါင်းဆောင် သေဆုံးတဲ့ သတင်းကို ဧပြီလဆန်းမှာ ကြားသိခဲ့ပြီး အချက်အလက်ပိုင်းတွေ ပြန်လည် စိစစ်နေခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ 

တာလီဘန်တွေဟာ အာဖဂန် အစိုးရ ဖြစ်မလာခင် စစ်သွေးကြွ အဖွဲ့အစည်း အနေနဲ့ ရပ်တည်ချိန် ကတည်းက အိုင်အက်စ်တွေရဲ့ ခါးသီးပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ တာလီဘန်တွေ ကဘူးလ်ကို သိမ်းပိုက်ပြီး အာဖဂန် အစိုးရအဖြစ် ဖွဲ့စည်းလိုက်တဲ့ အချိန်မှာလည်း အိုင်အက်စ်က အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

ကဘူးလ်က လေဆိပ် ပေါက်ကွဲမှုဟာ တာလီဘန်တွေ လက်ထက်မှာ ဖြစ်ပေါ်တဲ့ အဆိုးဆုံး အကြမ်းဖက် တိုက်ခိုက်မှု တခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ အိုင်အက်စ်ရဲ့ အသေခံ ဗုံးသမား တဦးဟာ လူပေါင်းများစွာ စုဝေးနေတဲ့ နေရာထဲ လျှောက်ဝင်လာပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီ နောက်ဆက်တွဲအဖြစ် ရက်ပိုင်းအကြာမှာ အမေရိကန်က ကဘူးလ်မှာ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အသေခံ ဗုံးသမား တဦးကို ပစ်မှတ်ထားခဲ့တဲ့ စစ်ဆင်ရေး ဖြစ်ပေမယ့် ဒရုန်းရဲ့ ဒုံးကျည်ဟာ ကလေး ၇ ဦး အပါအဝင် အရပ်သား ၁၀ ဦးကိုသာ မှားယွင်း သေဆုံးစေခဲ့ကြောင်း အမေရိကန်က ဝန်ခံခဲ့ရပါတယ်။

အဲဒီနောက် အမေရိကန်ဟာ ပါကစ္စတန် အခြေစိုက် အိုင်အက်စ် အဖွဲ့ခွဲခေါင်းဆောင် ဆာနော်လာ ဂါဖာရီကိုဖြစ်စေ၊ အဲဒီ အသေခံ ဗုံးခွဲမှုနဲ့ ဆက်နွှယ်တဲ့ အိုင်အက်စ် စစ်ဦးစီးတွေနဲ့ ပတ်သက်လို့ဖြစ်စေ ထိထိရောက်ရောက် သတင်းပေးနိုင်သူကို ဒေါ်လာ ၈ သန်း ချီးမြှင့်မယ်လို့ ဆုကြေး ထုတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ အမေရိကန်တပ်တွေဟာ ကဘူးလ်ကနေ ဆုတ်ခွာပြီး အာဖဂန် စစ်ဆင်ရေးကို အပြီးသတ်ခဲ့ပါတယ်။ ရက်ပိုင်း အကြာမှာပဲ တာလီဘန်တွေက အာဖဂန် တပ်တွေကို တိုက်ခိုက် အနိုင်ယူပြီး ကဘူးလ်ထိ ချီတက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

 

Ref: Reuters