လက်နက်ကိုင်အဖွဲ့စုံကို ပြည်သူတွေကြောက်နေရတယ်ဆိုတဲ့အပေါ် NUG ယာယီသမ္မတစိတ်ပျက်

ဧပြီ၊ ၂၅
 
လက်ရှိတော်လှန်ရေးကာလအတွင်း ဒေသတချို့မှာ လက်နက်ကိုင်အဖွဲ့စုံကို ပြည်သူတွေက ကြောက်နေရတယ်လို့ သတင်းတွေထွက်ပေါ်နေတာဟာ စိတ်ပျက်စရာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောလိုက်ပါတယ်။
 
ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အဲ့ဒီလိုပြောခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ ဒီလိုအခြေအနေတွေအထိ မဖြစ်အောင် ဝိုင်းဝန်း ကြိုးစားဖြေရှင်းဖို့ လိုတယ်လို့လည်း တိုက်တွန်းပါတယ်။
 
“ တချို့အမှုကိစ္စတွေဆိုရင်လည်း ကျွန်တော်တို့ကို အားကိုးတကြီး တိုင်ကြားထားပေမယ့် လပေါင်းများစွာ ကြာသည်ထိ ကောင်းမွန်စွာ မဖြေရှင်းပေးနိုင်ရင် သူတို့လည်း သည်းမခံနိုင်ဘဲ မီဒီယာမှာ ပြောဆိုတာတွေ၊ အချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာတွေ ဖြစ်ပေါ်နိုင်တာမို့ သတိကြီးကြီးထားပြီး လျင်လျင်မြန်မြန် စီမံဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ် ” လို့ သူက ပြောပါတယ်။
 
လက်ရှိတော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတချို့မှာ NUG နဲ့ NUG လက်အောက်ခံ PDF တွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စီမံလုပ်ကိုင်မှုတွေအပေါ် ဝေဖန်တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
 
စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်မှာ ကျေးရွာလုံခြုံရေးစီမံဖို့အတွက်လို့ဆိုကာ ရွာတွေမှာ နေအိမ်တွေဆီက မိုင်းကြေးခွဲတမ်းကောက်ယူတာ၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှုအပေါ် မကျေနပ်လို့ ဆန္ဒပြသူတွေကို ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေက ခြိမ်းခြောက်တယ်လို့ဆိုကာ ဒေသခံတွေက ထုတ်ဖော်ဝေဖန်လာတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။
 
ဒါ့အပြင် မကွေးတိုင်း ရေစကြိုနယ်က အလယ်ကျွန်းဒေသမှာလည်း ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလအတွင်း NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားသူတဦး ဦးဆောင်တဲ့အဖွဲ့က သူတို့အဖွဲ့ကို မကျေနပ်လို့ ဆန္ဒပြတဲ့ ပြည်သူတွေကို မိုင်းဖောက်ခွဲသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တဲ့ ဖြစ်စဉ်တခုလည်း ရှိခဲ့ပါသေးတယ်။
 
အဲ့ဒီဖြစ်စဉ်မှာ နောက်ထပ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဝင်တားမြစ်ခဲ့လို့ လူသေဆုံးထိခိုက်မှုမရှိခဲ့ပေမယ့် ဒေသခံတွေက ကျေနပ်မှုမရှိသလို ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အရေးယူနိုင်တဲ့အင်အား မရှိလို့ NUG ဆီ စာတင်ထားတယ်လို့ DNA ကိုပြောထားပါတယ်။
 
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အနေနဲ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ခုခံတွန်းလှန်စစ်မှာ အားစိုက်ဆောင်ရွက်ရမှာဖြစ်သလို တဖက်ကလည်း ပြည်သူတွေ အားကိုးယုံကြည်စွာ တင်မြှောက်ထားတဲ့ အစိုးရတရပ် ပီသစွာနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ကြိုးစားဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
 
“ စစ်ရေးကဏ္ဍဘက်ကတော့ အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်နေတာတွေ ရှိသလို တဖက်က အုပ်ချုပ်ရေးကဏ္ဍနဲ့လည်း အချိတ်အဆက်မိနေဖို့ အင်မတန်အရေးကြီးပါတယ်၊ စစ်ရေးအရှိန်မြှင့်မယ့် နေရာဒေသတွေဘက်မှာ အုပ်ချုပ်ရေးကဏ္ဍတွေအားလုံး လိုက်ပါပြင်ဆင်ထားကြဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှုကလည်း အင်မတန်အရေးကြီးကြောင်း ပြောကြားလိုပါတယ် ” လို့ သူကပြောပါတယ်။ 
ဓာတ်ပုံ – NUG