ထားဝယ်မှာ ရေတွင်းဟောင်းတူးဖော်ရာက မြေပြိုလို့ အမျိုးသားတဦး သေဆုံး

ဧပြီ၊ ၂၅
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာမှာရှိတဲ့ အထပ်သားစက်ရုံမှာ ဒီကနေ့မနက်ပိုင်းက ရေတွင်းဟောင်းပြန်ဖော်တဲ့ ဝန်ထမ်းအမျိုးသားတဦး မြေပြိုကျလို့ သေဆုံးသွားတယ်လို့ ဇမ္ဗူသီရိ လူမှုကယ်ဆယ်ရေးအသင်းဆီက သိရပါတယ်။
 
” မနက် ရှစ်နာရီကျော်လောက်ထဲက သတင်းရလို့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတာ၊ မတွေ့ရလို့ နေ့လယ်ပိုင်းမှာ ဘတ်ဟိုးနဲ့တူးပြီး ထပ်ရှာခဲ့တာ၊ ပြန်တွေ့ချိန်မှာတော့ အသက်မရှိတော့ပါဘူး ” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
ရေတွင်းဟောင်းတူးဖော်ဖို့အတွက် မြေသားတွေဖဲ့ချရာက မြေပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူကို မြေသားတွေအောက် ပေနှစ်ဆယ်အနက်မှာ ဦးခေါင်းဘယ်ခြမ်း ချိုင့်ဝင်ဒဏ်ရာနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
သေဆုံးသူဟာ အဲ့ဒီအထပ်သားစက်ရုံက ဝန်ထမ်းတဦးဖြစ်သလို သပြေချောင်းရွာသားလည်းဖြစ်တဲ့ အသက် (၃၃) နှစ်အရွယ် ကိုအောင်မျိုးသူဖြစ်ပြီး မြေပြိုကျကာ ပိတဲ့ဒဏ်ကြောင့် ရရှိဒဏ်ရာတွေအပြင် အသက်ရှုပ်ကြပ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ကနဦးယူဆထားကြပါတယ်။
 
အဲ့ဒီဖြစ်စယ်ကို ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံပရဟိတအသင်းတွေ ပူးပေါင်းကာကူညီကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ခဲ့ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဇမ္ဗူသီရိ ကယ်ဆယ်ရေးအသင်းက ထားဝယ်မြို့ ဆေးရုံကြီး ရင်ခွဲရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – ဇမ္ဗူသီရိလူမှုကယ်ဆယ်ရေးအသင်း