ဆားလင်းကြီး မှာ စစ်ကောင်စီကဖမ်းဆီးလာသူ သုံးဦးနဲ့ လမ်းသွားလမ်းလာတဦးကိုပစ်သတ်

ဧပြီ ၊ ၂၅

စစ်ကိုင်းတိုင်း၊ဆားလင်းကြီး မြို့နယ်ထဲကို မုံရွာဘက်ကနေလာတဲ့  စစ်ကြောင်းဟာ ဒီကနေ့ဧပြီ ၂၅ရက်မနက်ပိုင်းကစစ်ကြောင်းနဲ့အတူပါလာတဲ့ဖမ်းဆီးလာသူငါးဦးထဲကသုံးဦးနဲ့လမ်းသွားလမ်းလာအရပ်သားတဦးကိုပစ်သတ်ခဲ့တယ်လို့ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးကကိုစစ်ငြိမ်းက DNA ကိုပြောပါတယ်။ 

“ သေဆုံးသူအမျိုးသားဟာ အသက် ၃၀အရွယ်ဝန်းကျင်ဖြစ်ပြီး သူကမြိုင်နယ်ဘက်ကနေ ကားလိုင်စင်သက်တမ်းတိုးဖို့မုံရွာဘက်ကိုသွားတာ။စစ်ကြောင်းနဲ့တိုးတာရွှေလှေတံတားနားမှာ ဒူးတချက်နဲ့ ဗိုက်တချက်မှန်တယ် “လို့ကိုစစ်ငြိမ်းကဆိုပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းနဲ့အတူပါအလာတဲ့ ဖမ်းဆီးလာသူငါးဦးထဲကသုံးဦးကိုမန်ကျည်းတန်းရွာအနီးမှာ သတ်ဖြတ်ခဲ့တယ်လို့လည်းသိရပါတယ်။ 

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းခေါ်လာတဲ့သူ ငါးဦးဟာ ဘယ်ဒေသ၊ ဘယ်သူတွေဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးလာတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။

“အခုပဲအဲ့ဒီရွာကိုသွားမလို့ ။အသတ်ခံရတာတော့သေချာတယ် ။ဘယ်သူဘယ်ဝါ ဘယ်ရွာကဖြစ်တယ်ဆိုတာသိရအောင်သွားအတည်ပြုချက်ယူရမှာ “လို့ကိုစစ်ငြိမ်းကဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာချိန်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ညောင်ပင်ကြီးကြားကအရပ်သားတွေကို ဝမ်ပေါင်ကုမဏီအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ဝေးရာ လမ်းဆုံလမ်းခွတွေ ၊တောထဲတွေနဲ့အရိပ်ရရာနေရာတွေမှာ စစ်ဘေးရှောင်နေရတယ်လို့လည်းသိရပါတယ်။ 

အရေအတွက်တိတိကျကျမသိရပေမယ့် အဲဒီကစစ်ရှောင်အရပ်သားတွေကိုဆားလင်းကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆန် ၊ဆီနဲ့အသီးအရွက်တွေထောက်ပံ့ပေးထားတယ်လို့လည်းဆိုပါတယ်။ 

အလားတူစစ်ကောင်စီတပ်တွေဟာစစ်ကိုင်းမြို့နယ်ထဲက ဒီပဲယင်းကွဲရွာက အသက်၄၄နှစ်အရွယ်ကိုထွန်းထွန်းကို ဧပြီ ၂၄ရက်က ဦးခေါင်းဖြတ်ပြီးသတ်ဖြတ်ခဲ့ပါသေးတယ်။ 

အဆိုပါစစ်ကြောင်းဟာ ဧပြီ၂၀ရက်ကနေ၂၄ရက်နေ့အထိ၅ရက်အတွင်းစစ်ကိုင်းမြို့နယ်ထဲက အိမ်ခြေငါးရာဝန်းကျင်ကိုလည်းမီးရှို့ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကလူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာ ၊ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်းတာကိုလက်နက်ကိုင်ပြန်လည်ခုခံနေတဲ့  စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ချင်း၊ ကချင် အပါအဝင် ဒေသအနှံ့အပြားက အရပ်သားနေအိမ်တွေကိုမီးရှို့တာ ၊အရပ်သားတွေကို မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင်  လူသားဒိုင်းအဖြစ်လည်း အသုံးပြုလေ့ရှိနေပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့သတင်းစာရှင်းလင်းပွဲတွေမှာ မီးရှို့မှုနဲ့ ပတ်သက်ပြီး ငြင်းဆိုလေ့ရှိသလို သူတို့က ပြည်သူတို့ကို အကာအကွယ်ပေးနေတယ်လို့ပြောဆိုလေ့ရှိပါတယ်။

စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်အထိသေဆုံးသူပေါင်း ၃၄၃၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံးမှာစစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ပေါင်း၄၇မြို့မှာစစ်ကိုင်းတိုင်းက ဆားလင်းကြီးအပါအဝင် ၁၄မြို့နယ်ပါဝင်ပါတယ်။

Photo ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး