မြန်မာ့နိုင်ငံရေးဓလေ့ (၄) ပါး

လက်ရှိ မြန်မာ့နိုင်ငံရေးဓလေ့မှာ တွေ့ရတဲ့ အချက် (၄) ချက်ကို ပြောချင်ပါတယ်။ ဓလေ့ဆိုတာ — တစ်နေ့ တစ်ရက် တစ်မနက်နဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ တစ်နှစ် နှစ်နှစ်လောက်နဲ့လည်း ဓလေ့ဆိုတဲ့ အနေအထားအထိ ရောက်မလာတတ်ပါဘူး။ ဆယ်နှစ် ဆယ့်ငါးနှစ်လောက်နဲ့လည်း မလုံလောက်သေးပါဘူး။ ဓလေ့ တစ်ခုရယ်လို့ ပြောနိုင်ဖို့အတွက် နှစ်ပေါင်း (၅၀) (၆၀) (၁၀၀) လောက် — ဖြတ်သန်းပြီးမှ ဖြစ်တည်လာတဲ့သဘောရှိပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့ဟာ – အတိတ်က ဖြတ်သန်းခဲ့တဲ့ မြန်မာ့နိုင်ငံရေးအတိတ်သမိုင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် လက်ရှိ တွေ့နေမြင်နေရတဲ့ မြန်မာ့နိုင်ငံရေးဓလေ့ဆိုတာဟာ – အတိတ် အခြင်းအရာနဲ့လည်း ဆက်သွယ် ပတ်သက်မှု ရှိကြောင်း ကနဦး တင်ပြလိုတယ်။

 

မြန်မာ့နိုင်ငံရေးဓလေ့ကို ကြည့်ရင် ယေဘုယျအားဖြင့် အချက် (၄) ချက် တွေ့ရပါတယ်။ ၎င်းတို့က အောက်ပါအတိုင်း ဖြစ်တယ်။

  • (၁) တရားသေအကောက်အယူဓလေ့ (Dogmatism)
  • (၂) ဂိုဏ်းဂဏအစွဲကြီးမှု (Factionalism)
  • (၃) စစ်စရိုက်ကဲတာ / စစ်ဓလေ့ အားကြီးတာ (Militant Culture)
  • (၄) လူပိန်းကြိုက် / ပေါ်ပြူလစ်ဓလေ့ ထွန်းကားတာ (Populism)

 

၁။ တရားသေ အကောက်အယူ

လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်က ဘယ်လောက်ပဲ အသစ်ဖြစ်ထွန်းမှုတွေကို ဦးတည်နေတယ်လို့ ပြောနေပါစေ၊ အတိတ်သမိုင်းမှာ တွေ့ခဲ့ရတဲ့ တရားသေဝါဒကိုလည်း မကျော်နိုင်သေးဘူးဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် အစွဲအလမ်း အားကြီးတဲ့ လူမှုစရိုက်ဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အပြည့်အဝ ရှိနေပါတယ်။ ဒီလူမှုစရိုက်ကပဲ — နိုင်ငံရေးအဝန်းအဝိုင်းထဲမှာ တရားသေအကောက်အယူကနေ မခွာနိုင်အောင် ကျေးဇူးပြုနေတယ်လို့ ယူဆပါတယ်။ မြန်မာ့နိုင်ငံရေးဟာ မတူကွဲပြားမှုကို နားလည်လက်ခံတဲ့ လစ်ဘရယ်အိုင်ဒီယာတွေ စီးဆင်းတဲ့လူ့အဖွဲ့အစည်းကို ဦးတည်နေတယ်လို့ ပြောပေမယ့် လက်တွေ့မှာ မတူကွဲပြားမှုအပေါ်မှာ ခန္တီတရား မမြင့်တဲ့ ပုံစံတွေ တွေ့မြင်နေရပါတယ်။ အနာတရနဲ့ အမုန်းတရား၊ အငြိုးအတေးတွေဟာ မြန်မာ့နိုင်ငံရေးဓလေ့မှာ တရားသေ အစွဲတွေ မကျွတ်အောင် ထပ်မံ အကျိုးပြုနေပါတယ်။

၂။ ဂိုဏ်းဂဏအစွဲ အားကြီးမှု

မြန်မာ့နိုင်ငံရေးမှာ – အအုပ်အသင်းနဲ့ ဝိုင်းလေ့ဝန်းလေ့ရှိတဲ့ သဘောကိုလည်း တွေ့ရသလို၊ ဂိုဏ်းဖွဲ့တတ်တဲ့ဉာဉ်နဲ့ အုပ်စုဖွဲ့တတ်တဲ့ အပြုအမူကိုလည်း အထင်အရှားတွေ့ရပါတယ်။ မြန်မာတွေဟာ – အစုအဖွဲ့နဲ့ လုပ်ကိုင်တတ်မှုမှာ အားနည်းလှပေမယ့် အုပ်စုဖွဲ့တဲ့ဓလေ့နဲ့တော့ ရင်းနှီးကြပါတယ်။ အထူးသဖြင့် အအုပ်အသင်းနဲ့ ဆွမ်းကြီးဝိုင်းလောင်းကြတဲ့ဓလေ့ကလည်း ထင်ရှားစွာ တွေ့ရပါတယ်။ လူပုဂ္ဂိုလ်အစွဲကြောင့်သော်လည်းကောင်း ၊ ဝါဒ အယူအဆကို အကြောင်းပြု၍သော်လည်းကောင်း ဂိုဏ်းဂဏဖွဲ့တတ်ပါတယ်။ အုပ်စုဓလေ့အားကြီးတဲ့ လူမှုစရိုက်ရှိတဲ့ မြန်မာတို့အဖို့၊ နိုင်ငံရေးကွင်းပြင်မှာလည်း အုပ်စုနဲ့ အားပြိုင်လွန်ဆွဲမှုတွေ ဒင်းကြမ်း ပြည့်နှက်အောင် တွေ့နေရပါတယ်။

၃။ စစ်ဓလေ့ / စစ်စရိုက် အားကြီးတာ 

ထစ်ခနဲရှိ တုတ်ဆွဲ ဓားဆွဲ လုပ်တတ်တဲ့ အကဲဆတ်တဲ့ အကျင့်ဟာ မြန်မာ့စရိုက်မှာ အပြည့် ရှိနေပါတယ်။ ပြဿနာကို ခေါင်းအေးအေးထားပြီး ဝိုင်းဝန်း အဖြေရှာတတ်တဲ့ အလေ့ဟာ မြန်မာတွေဆီမှာ အတော်ကြီး အားနည်းပါတယ်။ ဒါ့အပြင် သွေးပူသွေးဆူလွယ်တဲ့ ဗီဇစိတ်လည်း ရှိနေပြန်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ပွင့်လင်းလွတ်လပ်တဲ့ သဘောထားအမြင်တွေထက် ရှေးရိုးစွဲပြီး အစွန်းရောက်တဲ့ သဘောထားအမြင်တွေက ပိုမိုလွှမ်းမိုးနေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပြဿနာတစ်ခုဖြစ်လာရင် ငြိမ်းချမ်းစွာ ဖြေရှင်း အဖြေရှာခြင်းထက် — တုတ်နဲ့ ဓားနဲ့ လက်နက်နဲ့ ဖြေရှင်းတတ်တဲ့ အကျင့်က တစ်ဖြည်းဖြည်း စွဲမြဲလာပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းနောက်ခံကို ကြည့်ရင် လက်နက်ကိုင်သမိုင်းနဲ့ ယှဉ်တွဲပြီး တွေ့မြင်ရပါလိမ့်မယ်။ ထိုနည်းလည်းကောင်း — လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာလည်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုကို တွေ့မြင်နိုင်သလို၊ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာလည်း ပြည်တွင်းစစ်သံသရာဝဲဩဃကို တွေ့မြင်ရမှာပါ။ ယခုလက်ရှိမှာလည်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်မှုကို တွေ့ရတာဖြစ်လို့ မြန်မာ့နိုင်ငံရေးဓလေ့မှာ စစ်စရိုက်အားကြီးတာ၊ စစ်ဓလေ့ကဲတာကို အထူး ပြောနေစရာ မလိုပါ။

၄။ လူပိန်းကြိုက် / ပေါ်ပြူလစ်ဓလေ့ ထွန်းကားတာ 

လူထုနိုင်ငံရေးအဝန်းအဝိုင်းမှာ လူပိန်းကြိုက်နိုင်ငံရေးဖြစ်ထွန်းတတ်ပါတယ်။ ဒီလိုပဲ — မင်းလောင်းမျှော်တဲ့ အမူအကျင့်နဲ့ သူရဲကောင်းကိုးကွယ်တဲ့ ဝါဒ ဖြစ်ထွန်းတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ ပေါ်ပြူလစ်ဇင်ကို အထူးတွေ့မြင်နိုင်ပါတယ်။ လက်ရှိ မြန်မာပြည်ဟာ လူပိန်းကြိုက်နိုင်ငံရေးဖြစ်ထွန်းသလို၊ လူအုပ်ဝါဒလည်း ဖြစ်ထွန်းနေပါတယ်။ အများကြိုက်၊ အများစုဝါဒကို တိမ်းညွှတ်တဲ့ နိုင်ငံရေးကို လူထုနိုင်ငံရေးလို့ ထပ်တူချ စဉ်းစားတာမျိုး တွေ့ရပါတယ်။ လူထုနိုင်ငံရေးမှာ လူထုအရေး၊ အများအရေးကို ဦးစားပေး ကိုယ်စားပြု လုပ်ဆောင်ရတာ မှန်သော်လည်း – အများသဘော အမှားပေါတာမဖြစ်လို့ လူထုကို လမ်းမှန်ကို တည့်မတ်ပေးတာ၊ လမ်းမမှားအောင် ဦးဆောင်လမ်းပြတာလည်း လုပ်ရပါတယ်။ ဒါကို လူထုရှေ့ဆောင်နိုင်ငံရေးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ လူထုရှေ့ဆောင်နိုင်ငံရေးဖြစ်ထွန်းတာထက် လူထုနောက်မြီးဆွဲနိုင်ငံရေးဖြစ်ထွန်းတာ သိသာ ထင်ရှားပါတယ်။ ဒီအချက်ဟာ မြန်မာ့နိုင်ငံရေးဓလေ့မှာ လူပိန်းကြိုက်ဝါဒ ဖြစ်ထွန်းတာ၊ ပေါ်ပြူလစ်ဇင်ဘက် တိမ်းညွှတ်လွန်းတာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။

ဒီအချက်တွေဟာ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ အထူးပြု စဉ်းစားရမယ့် — နိုင်ငံရေးဓလေ့တွေ ဖြစ်ပါကြောင်း….။

မင်းသေ့

နံနက် ၂း၀၂

၂၅ – ဧပြီ – ၂၀၂၃။