ဧပြီ၊၂၄
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အကြိုဗိုလ်လုပွဲ ရလဒ်တွေအရ ဂရိတ်တား မန်ချက်စတာ အခြေစိုက် နာမည်ကြီး ဘောလုံးအသင်း နှစ်ခုဟာ အက်ဖ်အေဖလား နောက်ဆုံး ဗိုလ်လုပွဲဆီ တက်ရောက်လာကြပါတယ်။
မန်ချက်စတာ စီးတီးအသင်းဟာ ရှက်ဖီးလ်ယူနိုက်တက်ကို ၃-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဘရိုက်တန်ကို ဂိုးမရှိ သရေကျခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ် ခံယူပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၂၂ ရက်က ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် အဆင့်မြင့်တန်း ချန်ပီယံ စီးတီးအတွက် တဆင့်နိမ့်တဲ့ ချန်ပီယံရှစ် ပြိုင်ပွဲဝင် ရှက်ဖီးလ်ဟာ ခက်ခဲတဲ့ အတားအဆီးမျိုး မဖြစ်ခဲ့ဘဲ ရီယတ်ဒ် မာရက်ဇ်ရဲ့ Hat-Trick သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ အခုဆိုရင် စီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ရောက်ရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပ ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ အလားအလာတွေ ရှိနေတာကြောင့် တရာသီတည်းမှာ အဓိက ဆုဖလားကြီး ၃ လုံး ဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေဆဲပါ။ အင်္ဂလန် သမိုင်းမှာတော့ အဲဒီလို အဓိက ဆုဖလား ၃ လုံးကို တပြိုင်တည်း ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ စီးတီးရဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက် တသင်းပဲ ရှိဖူးပြီး ၁၉၉၉ ခုနှစ်မှာ စွမ်းဆောင်ပြခဲ့တာပါ။
ဧပြီ ၂၃ ရက်မှာ ကစားတဲ့ ဒုတိယ အကြိုဗိုလ်လုပွဲမှာတော့ ယူနိုက်တက်ဟာ ဒီရာသီ ခြေစွာနေတဲ့ ဘရိုက်တန်ကို အတော်လေး ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်။ နှစ်သင်းလုံးက ဂိုးသွင်းခွင့်တွေ အသီးသီး ရခဲ့ကြပေမယ့် မိနစ် ၁၂၀ ပြည့်တဲ့ထိ ဂိုးမရှိသရေ ကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဘရိုက်တန်ရဲ့ တောင်ပံတိုက်စစ်သမား ဆော်လီမတ်ချ်ရဲ့ လွဲချော်မှုကြောင့် ယူနိုက်တက်က ၇-၆ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ မြို့ခံ ဒါဘီပွဲစဉ်အဖြစ် ပြန်လည် တွေ့ဆုံမယ့် ခါးသီးပြိုင်ဘက်တွေဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ခဲ့တုန်းက တပွဲစီ အသီးသီး အနိုင်ရထားကြပါတယ်။ စီးတီးရဲ့ အိမ်ကွင်း အစ်တီဟတ်မှာ စီးတီးက ၆-၃ နဲ့ အနိုင်ကြီး နိုင်ခဲ့ဖူးပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ပြန်တွေ့တဲ့ အခါမှာတော့ အိမ်ရှင် ယူနိုက်တက်က ၂-၁ နဲ့ အသာစီး ယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ၁၂ ကြိမ် ဆွတ်ခူးခဲ့ဖူးပြီး ပြိုင်ပွဲရဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်းအနေနဲ့ ရပ်တည်နေပြီး စီးတီးကတော့ ခေတ်သစ် ဘောလုံးသမိုင်းမှာ သက်တမ်းအရင့်ဆုံးလို့ စံချိန်မှတ်တမ်းတင် ခံထားရတဲ့ ဆုဖလားကို ၆ ကြိမ် ကိုင်မြှောက်ခဲ့ဖူးပါတယ်။ စီးတီးနဲ့ ယူနိုက်တက်တို့ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို ဇွန်လ ၃ ရက်ကျရင် အင်္ဂလန်ရဲ့ အမျိုးသား အားကစားကွင်းဖြစ်တဲ့ ဝင်ဘလေမှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
Ref: Guardian