နောင်ချို၁၈ရက်တာတိုက်ပွဲအတွင်း စစ်အုပ်စုဖက်က ဒုတိယဗိုလ်မှူးကြီးအဆင့်တဦးအပါအဝင်တရာနီးပါးသေဆုံးတယ် ထုတ်ပြန်

ဧပြီ၊​၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ ဖြစ်ပေါ်နေတဲ့ ပြည်သူကာကွယ်ရေးတပ်မတော် MDY- PDF နဲ့ စစ်ကောင်စီတပ်တွေကြားဖြစ်ပေါ်နေတဲ့ ၁၈ရက်တာတိုက်ပွဲအတွင်း စစ်အုပ်စုက ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအပါအဝင်တရာနီးပါးသေဆုံးတယ်လို့ NUGအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့က  MDY- PDF အခြေပြုနေရာယူထားတဲ့ နေရာကို စစ်ယူနီဖောင်းနဲ့အိမ်စီးကား(၂) စီး ရောက်ရှိလာတဲ့အတွက် တားဆီးစစ်ဆေးပေမယ့် ရပ်တန့်မပေးလ်ို့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ 

အဲဒီနောက် တာတိုင်ကျေးရွာနှင့် ငုက္ခလေး ကျေးရွာအကြားမှာ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းကို သက်သေခံပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ နောင်ချိုမြို့ပေါ်ရှိခလရ(၁၁၄)နှဲ့ခလရ(၁၁၅)တို့ကို ရှော့တိုက်ဒုန်း နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ခလရ(၁၁၄) ထဲကျရောက်ခဲ့လို့ ဒုတပ်ရင်းမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ MDY- PDF ကထုတ်ပြန်ထားသော်လည်း စစ်အုပ်စုဖက်ကတော့ လူနဲ့ အဆောက်အဦးထိခိုက်မှုမရှိဘူးလို့ ဆိုထားပါတယ်။

ဧပြီလ (၅)ရက်နေ့ ကနေ (၂၂) ရက်နေ့အထိ နောင်ချိုမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နဲ့စစ်အုပ်စုတို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲမှာစစ်အုပ်စုက တပ်ရင်း ၇ ရင်းအပါအဝင်အင်အား ၁၀၀၀ နီးပါးအသုံးပြုပြီး တိုက်ခိုက်ခဲ့သလို ၁၈ ရက်တာ တိုက်ပွဲမှာ တိုက်ပွဲဲကြီး ၄ ကြိမ်နဲ့ တိုက်ပွဲငယ် ၁၈ ကြိမ်အထိဖြစ်ခဲ့ပါတယ်။

တိုက်ပွဲကာလမှာစစ်ကောင်စီဖက်ကတပ်ရင်းမှူးတဦးအပါအဝင် တရာနီးပါးသေဆုံး၊ဒဏ်ရာအများအပြားရရှိပြီးPDFဖက်က၁၁ ဦးသေဆုံးကာ ဒဏ်ရာရတာတချို့တွေရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဖက်က လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်အထိပြုလုပ်ခဲ့ပြီး လက်နက်ကြီးအလွန်အမင်အသုံးပြုမှုကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့သလို နေအိမ်တွေလည်း ပျက်ဆီးခဲ့ရပါတယ်။

အမျိုူသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီရဌာနကတော့MA-3 သုံးလက်၊ ၅ဒဿမ ၅၆ကျည်အများအပြား၊ ၉ မမကျည် အတောင့်၂၀၊၆၀မမဗုံးသီး၁၀လုံးနဲ့အခြားဆက်စပ်တွေသိမ်းဆည်းရမိတယ်လို့ထုတ်ပြန်ထားပါတယ်။