စလင်းမြို့နယ်ကစစ်ရှောင်တွေ ကျန်းမာရေးအကူညီလိုအပ်နေ

ဧပြီ၊ ၂၃
 
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၃၆၀ကျော်အတွက် ကျန်းမာရေးအကူညီတွေ လိုအပ်နေတယ်လို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ က DNA ကို ပြောပါတယ်။
 
“ စစ်ရှောင်တွေက ရေအပြောင်းအလဲကြောင့် အကုန်နီးပါး ဝမ်းပျက်တာတွေဖြစ်ကြတယ်၊ သက်ကြီးရွယ်အို နာတာရှည်တွေ ဖြစ်ကြတာများတယ်၊ အပူဒဏ်ကြောင့် နေမကောင်းဖြစ်ကြတာတွေလည်း ရှိတယ်၊ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးလည်း ရှိတယ် “ လို့ သူကဆိုပါတယ်။
 
အဆိုပါစစ်ရှောင်စခန်းမှာ ဆရာဝန်မရှိတာကြောင့် ဆေးဝါးကျွမ်းကျင်သင်တန်း တက်ရောက်ထားသူတွေက ကူညီပေးနေပြီး အရေးပေါ်ဖြစ်လာခဲ့တာမျိုးဆိုရင်တော့ အနီးဝန်းကျင်က ကျေးရွာကို သွားရောက်ကုသမှုခံယူနေရတယ်လို့ စစ်‌ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။
 
ဖျားနာတာအတွက် သုံးရမယ့်ဆေးတွေနဲ့ ဝမ်းရောဂါအတွက် သုံးရမယ့်ဆေးတွေအပြင် ရာသီဥတုပူပြင်းတာကြောင့် ဓာတ်ဆားလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ နာတာရှည်ရောဂါဖြစ်ပွားနေတဲ့ သက်ကြီးရွယ်အိုတွေအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။
 
“ ဆေးဝါးလုံလောက်မှုမရှိပေမယ့် အတက်နိုင်ဆုံးကြိုးစားပြီး စောင့်ရှောက်မှုပေးနေပါတယ် ” လို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်နဲ့ စလင်း PDF ပူးပေါင်းမဟာမိတ်တပ်တွေ မတ်လ ၂၈ ရက်က ကင်ပွန်းခြုံရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် အရပ်သားနေအိမ်ပစ္စည်းတွေကို စစ်ကောင်စီဘက်က ဖျက်ဆီးမွှေနှောက်မီးရှို့ကာ အဲ့ဒီရွာအနီးက ငါးလှိုင်တွင်းကျေးရွာမှာ တပ်စွဲထားတာကြောင့် စစ်ဘေးရှောင်နေရတာလည်း ဖြစ်ပါတယ်။
 
အဲဒီနေ့မှာပဲ ကင်ပွန်းခြုံရွာက အိမ်ထောင်စု ၁၂၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူဦးရေ ၅၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ၁၄၀ ဦးလောက်ကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရောက်နေထိုင်နေကြပါတယ်။
 
ငါးလှိုင်တွင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ ပုံမှန်အားဖြင့်အင်အား ၃၀ နဲ့ ၅၀ ကြားမှာ ရှိနေပြီး အင်အားဖြည့်တင်းထားချိန်မှာ စစ်ကောင်စီတပ်သားဦးရေ ၂၀၀ ဝန်းကျင်ခန့် တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။
 
အဆိုပါစစ်ကောင်စီတပ်သားတွေဟာ အကြောင်းမဲ့အရပ်သားတွေနေအိမ်ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေအပြင် အရပ်သားတွေကို မတရားငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့လည်း မင်းဘူးခရိုင်တပ်ရင်း ၁ က တာဝန်ရှိသူက ဆိုပါတယ်။
 
“ ငါလှိုင်တွင်းကို ဖြတ်မယ်ဆိုရင် လာသမျှကို အကုန်တားပြီး ငွေတောင်းတာ သိန်းဂဏန်းထိပေးရတယ်၊ မပေးရင် အဖြတ်မခံဘူး၊ မရမကကို တောင်းတာ “ လို့ သူကပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA ) က ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါးအကူအညီလိုအပ်နေတဲ့ သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း ဆိုပါတယ်။ 
ဓာတ်ပုံ – Social Media