ငရုတ်ကောင်းမြို့အနီးမှာဖမ်းမိတဲ့ ရိုဟင်ဂျာ ခုနစ်ဆယ်ဦးကို စစ်ကောင်စီက လဝက ဥပဒေနဲ့ အမှုဖွင့်

ဧပြီ၊ ၂၂
 
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ (၇၀)ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံသားမှတ်ပုံတင်အက်ဥပဒေ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ငပုတော မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အသိုင်းအဝိုင်းက သိရပါတယ်။
 
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီးရှိ ပင်လယ်ပြင်က စက်လှေတစီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီရေတပ်က ဧပြီလ ၁၉ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
 
ဖမ်းမိသူတွေကို နိုင်ငံသားမှတ်ပုံတင်အက်ဥပဒေ နဲ့ ဧပြီလ ၂၁ ရက်က အမှုဖွင့်အရေးယူ လိုက်တယ်လို့ ဆိုပါတယ်။
 
” စက်လှေပေါ် မှာ ရေတပ်က ဖမ်းမိတာ၊ ကမ်းကပ်လာတာတော့ မဟုတ်ဘူး၊ ပွဲစားရဲ့ အဆက်အသွယ်နဲ့ မလေးရှားမှာ အလုပ်သွားလုပ်မလို့ လို့ သိရတယ်၊ ဒါပေမယ့် နိုင်ငံသား မှတ်ပုံတင် ဥပဒေအရ အရေးယူမှာ ” လို့ လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာ (၇၀)ဦးဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စွန့်ခွာလာကြသူတွေဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် မလေးရှားနိုင်ငံကိုသွားဖို့ ဦးတည်လာတာလို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ (၇၀) ဦးထဲမှာ၊ အမျိုးသား (၅၈) ဦး၊ အမျိုးသမီး (၁၂) ဦး ပါဝင်ပြီး ၁၈ နှစ်မပြည့်သေးသူတချို့လည်း ပါ၀င်ကာ ရိုဟင်ဂျာတွေကို စက်လှေနဲ့ တင်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ခုနစ်ဦးကိုလည်း ဖမ်းမိထားတယ်လို့ ဆက်သိရပါတယ်။
 
“ ဒုက္ခသည်စခန်းကနေ ထွက်လာခါမှ အဖမ်းခံရပြီး ဒုက္ခထပ်တွေ့ကြရတယ်၊ သူတို့တတွေက စားဝတ်နေရေး အခက်အခဲတွေ အကြီးအကျယ် ဖြစ်နေရတာပါ ” လို့ မြန်မာ မူဆလင် လူငယ် ကွန်ရက် အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာ ဒေသအတွင်း နိုင်ငံရေး စစ်ရေး မငြိမ်သက်မှုတွေ ရှိနေတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၁၁ ခု ဝန်းကျင်ရှိနေပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ တွေ့ကြုံနေရတယ်လို့ မြန်မာ မူဆလင် လူငယ် ကွန်ရက်ဆီက သိရပါတယ်။
 
ဧရာ၀တီတိုင်းမှာ လက်ရှိ၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာတွေ ဖမ်းဆီးခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်ကလည်း ဟင်္သာတမြို့နယ် လယ်တီကွင်း စစ်ဆေးရေး ဂိတ်မှာ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
 
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး အရှိန်မြှင့်ကြိုးပမ်းနေပေမယ့် အာဏာသိမ်းပြီးနောက် ဒေသအသီးသီးမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေအပေါ် အရင်ကထက်ပိုပြီး တင်းကြပ်တဲ့ အရေးယူမှုတွေ လုပ်နေတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေက ဝေဖန်ထားပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – ငရုပ်ကောင်းမြို့အနီးမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာများ