ပလက်ဝစစ်ရှောင်တွေ ဆေးဝါးမလုံလောက်မှုနဲ့ရင်ဆိုင်နေရ၊ ငှက်ဖျားရောဂါဖြစ်နှုန်းများနေ

ဧပြီ၊ ၂၂
 
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ ဆေးဝါးမလုံလောက်မှုကြောင့် ငှက်ဖျားရောဂါ လစဉ် ၁၀ ဦးထက်မနည်း ဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်စခန်းတချို့မှာ ငှက်ဖျားရောဂါ အမြစ်မပြတ်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
 
“ ဆေးဝါးမလုံလောက်တဲ့ စစ်ဘေးရှောင်တွေက အများကြီးရှိတယ်၊ PDF ထိန်းချုပ်နယ်မြေမှာဆိုရင်လည်း ပြည်သူတွေ အများကြီးရှိနေတယ်၊ သူတို့မှာ အာဟာရချို့တဲ့မှုရယ်၊ ငှက်ဖျားရယ် ငှက်ဖျားက အများဆုံးဖြစ်တယ်၊ ပြီးတော့ ရာသီအလိုက်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေပေါ့ ” လို့ ပလက်ဝမြို့နယ်၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ပလက်ဝဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေထဲမှာရော စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာပါ စစ်ဘေးရှောင်တွေရှိနေပြီး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ဒေသတွေထဲက စစ်ရှောင်တွေအနေနဲ့ ဆေးဝါးမလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
 
CDF-ပလက်ဝရဲ့ ထိန်းချုပ်နယ်မြေအတွင်းက စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်ပေမဲ့ ဆေးဝါးရရှိနိုင်မှုမှာ အခက်အခဲတွေ ကြုံတွေ့နေရပြီး ပြည်တွင်းက သယ်ဆောင်တဲ့ လမ်းကြောင်းမှာ စစ်တပ်က ပိတ်ပင်ကန့်သတ်ထားသလို အိန္ဒိယနယ်စပ်က လမ်းကြောင်းမှာလည်း ဆေးဝါးတွေသယ်ဖို့ ခက်ခဲနေတယ်လို့ သူက ရှင်းပြပါတယ်။
 
ပလက်ဝမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေလည်း အရေးပေါ် လိုအပ်နေသလို ငှက်ဖျားရောဂါကို ပိုမိုကာကွယ်နိုင်ဖို့ ငှက်ဖျားဆေးဝါးနဲ့ ခြင်ထောင်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
 
အခုနှစ်အတွင်း ပလက်ဝမြို့နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး စစ်ရှောင်စခန်းတွေမှာ တလကို ၁၀ ဦးထက်မနည်း ငှက်ဖျားရောဂါတွေ ဖြစ်နေသလို ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်အတွင်းကလည်း ငှက်ဖျားရောဂါဖြစ်သူနဲ့ ငှက်ဖျားပိုးတွေ့ရှိသူ ၂၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝမ်းပျက်ဝမ်းလျော့ရောဂါလို ရာသီအလိုက်ဖြစ်ပွားတဲ့ ရောဂါတွေအတွက်လည်း ဆေးဝါးတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
 
ပလက်ဝဒေသနဲ့ နယ်မြေထိစပ်နေတဲ့ အိန္ဒိယဘက်ခြမ်းက စစ်ရှောင်စခန်းတွေနဲ့ အဲဒီမြို့နယ်ထဲက CDF-ပလက်ဝထိန်းချုပ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာ စုစုပေါင်း စစ်ဘေးရှောင် ရှစ်ထောင်လောက် ရှိနေတယ်လို့ သိရပါတယ်။
 
ပလက်ဝမြို့နယ်ထဲမှာ ဆေးဝန်ထမ်းတွေ၊ ကျန်းမာရေးဆေးဝန်ထမ်းတွေနဲ့ ကျန်းမာရေး လုပ်အားပေးသူတွေ စုစုပေါင်း အင်အား ၇၀ ကျော်နဲ့ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ကျန်းမာရေးဝန်ထမ်းတွေမှာ လုံခြုံရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
 
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ်ဖြစ်တဲ့ ပလက်ဝဒေသမှာ အာဏာမသိမ်းမီကတည်းက စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ရှိနေခဲ့တာပါ။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း AA နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် စစ်ဘေးရှောင်ရသူတွေ ထပ်တိုးခဲ့ပါသေးတယ်။
 
အဲ့ဒီတကျော့ပြန်တိုက်ပွဲ ရပ်စဲသွားချိန်လက်ရှိမှာ နေရပ်ဒေသတွေမှာ ပြန်လည်နေထိုင်ကြသူတွေ ရှိလာပေမယ့် နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေရသူတွေလည်း ဆက်ရှိနေသေးတာဖြစ်ပါတယ်။ 
ဓာတ်ပုံ – Google
ပုံစာ – ပလက်ဝဒေသ စစ်ရှောင်တချို့ (ပုံဟောင်း)