
ဧပြီ၊ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သထုံ-ဘားအံကားလမ်းမပေါ်မှာ ဒီကနေ့ (ဧပြီ ၂၂ )ရက် မနက် ၁၀ နာရီခွဲကျော်က အိမ်စီးကား တစီး ပေါက်ကွဲမှုဖြစ်လို့အမျိုးသားတဦး ပွဲချင်းသေဆုံးခဲ့တယ်လို့ အဲ့ဒီလမ်းအသုံးပြုသူတွေနဲ့လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
Nissanအမျိုးအစား အိမ်စီးကားဟာ သထုံဘက်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာချိန် မိုင်တိုင်အမှတ်(၀/၅)အနီး ဘားအံတံတားနဲ့ မြိုင်ကလေးလမ်းဆုံအနားမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ကားပေါ်မှာ အမျိုးသားတဦး ဦးခေါင်းကြေမွဒဏ်ရာနဲ့ သေ ဆုံးနေတာကို တွေ့ရှိခဲ့တယ် လို့ ဒေသခံလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
“ ကျွန်တော်တို့ရောက်တဲ့အချိန်က သေနေပါပြီ၊ ခေါင်းတွေလည်း ရစရာမရှိဘူး၊ ကားက ပေါက်ကွဲမှု ဖြစ်သွားတာပဲသိတယ်၊ ဘာကြောင့်ဖြစ်လည်းဆိုတာ ကျွန်တော်တို့ မသိရဘူး၊ ကျွန်တော်တို့က အလောင်းကို ဆေးရုံကို ပို့ပေးလိုက်တယ်” လို့သူက ပြောပါတယ်။
ဒီပေါက်ကွဲမှုဖြစ်စဉ်ဟာ ကားစက်ပိုင်းဆိုင်ရာတွေ အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပွားခဲ့တာလား၊ ကားပေါ်မှာ ပေါက်ကွဲစေတဲ့ ပစ္စည်းတခုခုပါလာပြီး ပေါက်ကွဲခဲ့တာလားဆိုတာတော့ တိတိကျကျမသိရဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ကားကို သွားရောက်စစ်ဆေးရာမှာ ပစ္စတိုသေနတ်တလက်၊ ကျည်ဆံ၊ရီမုတခုအပါအဝင် ဆက်စပ်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
ဒါအပြင် အဲ့ဒီကားပေါ်ကနေ အမျိုးသားတဦးကလည်း ထွက်ပြေးလို့ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာမှာ တံတားဦးကျေးရွာအုပ်စု၊ ညောင်ကုန်းလမ်းဆုံမှာ ဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုကသတင်းဖြန့်ထားပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာအနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကားသမားတွေရဲ့ ပြောဆိုချက်အရ ပေါက် ကွဲမှု ဖြစ်ပြီးနောက် ကားပေါ်ကနေ အမျိုးသားတဦးထွက်ပြေးခဲ့တာမျိုး မတွေ့ရပေမယ့် အဲဒီအနီးမှာ ဒဏ်ရာရနေတဲ့ အမျိုးသားတဦး ဆိုင်ကယ် မောင်းနှသွားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“ ဖြစ်တဲ့အချိန်တော့ နည်းနည်းအလှမ်းဝေးတယ်၊ အသံတော့ ကြားလိုက်တယ်၊ ကားပေါ်ကနေ လူဆင်းသွားတာ၊ မဆင်းတာတော့ မတွေ့ရဘူးဗျ၊ အဲနားရောက်တော့ ဆိုင်ကယ်မောင်းသွားတဲ့ အမျိုး သားတဦးကို တွေ့လိုက်တာ ရှိတယ်၊ ကျွန်တော်တွေ့ရ သလောက် ဒဏ်ရာရထားတဲ့ ပုံစံမျိုး၊ သူ့ခန္ဓာဘကိုယ်မှာသွေးတွေပေနေတယ်၊ ဒါမဟုတ်ရင် ကားပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာ အဲဆိုင်ကယ်က အဲနားကနေ ဖြတ်မောင်းသွားရင်းနဲ့ ထိတာလားတော့ မသိဘူးပေါ့နော်၊တချို့ပြောတာက ကားပေါ်ကနေ ဒဏ် ရာရတဲ့သူတချို့ ပြေးသွားတာရှိတယ်လို့လည်း ပြောကြတယ်”လို့သူက ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားနဲ့ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်နေပြီး မသင်္ကါလို့ဆိုကာ ခေါ်ယူစစ်ဆေးမေးမြန်းတာတွေလည်းလုပ်နေတယ်လို့ ဆိုပါတယ်။
Photo စစ်တပ်ထောက်ခံ တယ်လီဂရန်