နေရာကျဉ်းလာတဲ့ ထိုင်းရွေ့ပြောင်းကလေးများရဲ့ ပညာရေး

မွန်မွန်၊ ဘိုဟန် ဧပြီ ၂၁

စွန်ရဲက ရန်ကုန်မှာလှုပ်ရှားခဲ့တဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တယောက်ပါ။ စွန်ရဲနဲ့ မသီတာထွေးတို့မှာ ကလေးနှစ်ယောက်ရှိပြီး အကြီးမလေးက အသက် ၁၂ နှစ်၊ အငယ်လေးကတော့ အသက် ၄ နှစ်ပါ။

တမိသားစုလုံး ၂၀၂၂ ခုနှစ် မတ်လထဲမှာအဖမ်းခံခဲ့ရပြီး စွန်ရဲကတော့ အကြမ်းဖက်ပုဒ်မနဲ့အမှုဖွင့်ခံထားရပါတယ်။ ကလေးတွေနဲ့ မသီတာထွေးတို့ကိုတော့ စစ်ကြောရေးကပြန်လွှတ်ပေးခဲ့ပါတယ်။  စစ်ထောက်လှမ်းရေးတွေရဲ့မျက်လုံးအောက်မှာ နှစ်လလောက်နေအပြီး မသီတာထွေးနဲ့ကလေးနှစ်ယောက် ထိုင်းနယ်စပ်မြို့ မဲဆောက်ကိုပြောင်းလာခဲ့ပါတော့တယ်။

မသီတာထွေးအတွက် ထောင်ထဲက ခင်ပွန်းသည်အတွက်ပူနေရသလို နောက်အပူတခုကတော့ သူ့တို့ကလေးတွေကျောင်းနေနိုင်ရေးပါ။ COVID-19 နဲ့ စစ်အာဏာသိမ်းတာဆက်သွားခဲ့တာကြောင့် သမီးကြီးက ကျောင်းမတက်ရတာ ၂၀၁၉ ခုနှစ်ကတည်းကပါ။ သမီးကြီးဟာ အခုမှ ဒုတိယတန်းပဲရှိပါသေးတယ်။

ဒါဟာ မသီတာထွေးတယောက်တည်းတော့မဟုတ်ပါဘူး။ သူလို မိခင်တွေကတော့ မဲဆောက်မြို့မှာထောင်ပေါင်းများစွာရှိပါသေးတယ်။ လာမယ့် ၂၀၂၃ ဇူလိုင်လ ကျောင်းဖွင့်ရာသီအတွက် သားသမီးကျောင်းထားဖို့ ကျောင်းအပ်ဖို့ စုံစမ်းရင်း အသက်ရူကြပ်တဲ့နေ့တွေကိုဖြတ်သန်းနေရတယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အတိုက်အခံအင်အားစုမှန်သမျှကို စစ်ကောင်စီက နည်းမျိုးစုံးနဲ့ ဖြိုခွင်းတဲ့အခါ လွတ်မြောက်နယ်မြေတွေဆီ ပြေးရသူတွေက ပြေး၊ နိုင်ငံရဲ့အဝေးကိုထွက်ပြေးတိမ်းရှောင်ကြရသူတွေက တိမ်းရှောင်နဲ့  တဒင်္ဂအားဖြင့် အသက်ဘေး၊ နှိပ်စက်ခံရမှုဘေးတွေက လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ မဆုံးသေးတဲ့ တော်လန်ရေးခရီးကို ဆက်လျှောက်ဖို့ ပါဝင်နေသူတွေဟာလည်း ပြေးလွှားရင်း၊ ရုန်းကန်ရင်းနဲ့ ဆက်သွားနေကြရပါတယ်။  မိဘတွေရဲ့ လုံခြုံရေးအရ ပြေးကြရမှာ မဖြစ်မနေ လိုက်ပါခဲ့ကြရတဲ့ ကလေးငယ်တွေကို အတတ်နိုင်ဆုံး ပုံမှန်ရှင်သန်နိုင်ဖို့ မိဘတွေဘက်က စဉ်းစားကြတဲ့အခါ ပညာရေးဆိုတဲ့ အရေးကိစ္စဟာလည်း အဓိကစဉ်းစားစရာတခုဖြစ်လာပါတယ်။  

ရွေ့ပြောင်းကျောင်းတွေမှာတလ ၃၀၀ ဘတ် ကနေ ၂၀၀၀ ဘတ်အထိ ဖယ်ရီအပါအဝင် ကျောင်းအလိုက် ကုန်ကျစရိတ်ရှိပါတယ်။

မဲဆောက်မြို့ဟာ ၂၀၁၀ ပြည့်နှစ်မှာ မြို့အဖြစ်သတ်မှတ်ခဲ့တဲ့ နယ်စပ်မြို့သေးသေးလေး တစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ရှိနေခဲ့တဲ့ မြန်မာနိုင်ငံက ကရင်ပြည်နယ်နဲ့ ထိစပ်နေပြီး ခိုးဝင်ဖို့လွယ်ကူတဲ့အနေအထားရှိနေတာကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အားကိုးရာ နေရာတခုလည်းဖြစ်ပါတယ်။ 

ဒီမြို့လေးမှာ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာခဲ့ကြတဲ့ ကလေးငယ်တွေနဲ့ ပြည်တွင်းကနေ ကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေအတွက် မြန်မာရွေ့ပြောင်းကျောင်း ၇၄ ကျောင်းအထိ ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ၆၅ ကျောင်းဆက်လက်ဖွင့်လှစ်ထားပါတယ်။

ဒီထဲကျောင်းအများစုဟာ အသေးလေးတွေဖြစ်ကြပြီး ရှိထားတဲ့ ဆရာအင်အားနဲ့ဆိုရင် တကျောင်းကို ကျောင်းသား ၁၀၀ လက်ခံနိုင်ဖို့တောင် အဆင်မပြေတဲ့ကျောင်းတွေက အများစုပါ။ 

 အာဏာသိမ်းခံရပြီးနောက်ပိုင်း နိုင်ငံရေးကြောင့် မဲဆောက်ကိုရောက်ရှိလာသူတွေဟာ အနိမ့်ဆုံး  ၅၀,၀၀၀ ဝန်းကျင်ရှိနိုင်ပြီး  အလုပ်အကိုင်အခွင့်အလမ်းတွေရှာဖွေဖို့နဲ့ အခြားသော အကြောင်းရင်းတွေနဲ့ရောက်ရှိလာသူတွေပေါင်းရင် သိန်းဂဏန်းခန့်ရှိနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။

 

မိခင်တွေရဲ့ သောက

“ဆာသူးလေကျောင်းက နောက်နှစ်ကို ကျောင်းသားသစ်လက်မခံတော့ဘူးလို့ ကြောညာလိုက်တော့ လူက ပြာယာခတ်သွားတယ် ” လို့ မသီတာထွေးက စားပွဲခုံကို လက်ချောင်းလေးတွေနဲ့ ခေါက်ရင်း ပြောပါတယ်။ နောင်နှစ်ကျောင်းဖွင့်ရာသီမှာ သမီးဖြစ်သူကိုထားဖို့ စုံစမ်းထားတဲ့ကျောင်းထဲမှာ နာမည်ကြီးရွေ့ပြောင်းကျောင်းတခုဖြစ်တဲ့ ဆာသူးလေကျောင်းလည်းပါဝင်တာကြောင့် နောက်ထပ်ကျောင်းကိုထပ်စုံစမ်းရှာဖွေရမယ့်အရေး စိတ်မောနေမိတယ်လို့ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်လို တရားဝင်နေထိုင်ခွင့်အထောက်အထားလက်မှတ်တွေမရှိတဲ့ မြန်မာအများစုအတွက်တော့ ရွှေ့ပြောင်းကျောင်းတွေကပဲ အားကိုးစရာဖြစ်ပါတယ်။ ဒါပေမဲ့ မဲဆောက်မှာ ကျောင်းတက်သင့်တဲ့ ကျောင်းသားအင်အားဟာ ကျောင်းအရေအတွက်နဲ့မကာမိအောင် အဆမတန်တိုးလာနေပါတယ်။  

“အထဲမှာ ကျန်ခဲ့တဲ့သူတွေက ကျွန်မတို့တော့ မဲဆောက်မှာ ကျောင်းအကောင်းစားကြီးတွေတက်ပြီး အစားအကောင်းစားကြီးတွေ စားနေရတယ်လို့ထင်နေကြတာ။ ကလေးတွေ အနာဂတ်နဲ့ ပညာရေးအကြောင်း တွေးလိုက်ရင် ကိုယ်နိုင်ငံကိုပြန်ပြေးရမလားဆိုတဲ့စိတ်က ခဏခဏဖြစ်တယ်” လို့ သားနှစ်ယောက်ရဲ့ ပညာရေးအတွက် ရတက်မအေးဖြစ်နေတဲ့ မစိုးစံက ပြောပါတယ်။

 

နာမည်ကျော် ဆာသူးလေကျောင်း 

ဆာသူလေးအထက်တန်းကျောင်းဆိုတာ မဲဆောက်မြို့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးအပိုင်းမှာ နာမည်အလွန်ကြီးပါတယ်။ အဲ့ဒီကျောင်းကနေ ၂၀၂၃ – ၂၄ ပညာသင်နှစ်အတွက် ကျောင်းသားသစ်တွေ လက်မခံတော့ဘူးလို့ ကြေညာလိုက်ချိန်မှာတော့ ရွှေ့ပြောင်းမိဘတွေဟာ သူတို့ရဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ပိုမိုပူပန်ကြရပါတော့တယ်။

ဆာသူလေးအထက်တန်းကျောင်းကို ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ ၂၄ နှစ်တိုင်တိုင် ရွှေပြောင်းကလေးငယ်တွေရဲ့ ပညာရေးကို တာဝန်ယူသင်ကြားပေးခဲ့ပါတယ်။ စတည်တည်ထောင်ချိန်က ဆရာမကြီး နော်ဖောရေတဦးတည်းက တာဝန်ယူသင်ကြားပေးခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ ဆရာ၊ ဆရာမနဲ့ ကျောင်းလုပ်သား ဦးရေ ၆၀ ကျော်နဲ့လည်ပတ်နေပါတယ်။ အာဏာသိမ်းကာလ မတိုင်ခင်တွေမှာ ကျောင်းသားဦးရေက ၇၀၀ နဲ့ ၈၀၀ ဝန်းကျင်တွေ ဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ကျောင်းသား ၁၁၀၀ ဝန်းကျင်လောက်ကို တာဝန်ယူသင်ကြားပေးနေရပါတယ်။

“ကျွန်မတို့ စတည်ထောင်တုန်းက အဆင့်မြင့် ပညာတွေ ဘာတွေ မဟုတ်ဘူး။ ရွှေ့ပြောင်းကလေးတွေ စာမတတ်မှာ စိုးလို့ လုပ်ခဲ့ရတာ။ သူတို့က ထိုင်းကျောင်းတွေမှာ တက်လို့ရတာ မဟုတ်ဘူး။ ကျန်တာက နောက်မှ တဖြည်းဖြည်း ဖြစ်လာတာ” လို့ ဆာသူးလေကျောင်း တည်ထောင်ခဲ့ရပုံနဲ့ ပတ်သက်လို့ ဆရာမကြီး နော်ဖောရေက ရှင်းပြပါတယ်။ “ဘယ်သူမှတော့ သူများနေရာမှာ အကြာကြီး မနေဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့လည်း နောက်ပိုင်းတော့ ကလေးတွေက ပြန်မရဖြစ်တာနဲ့ သင်ရိုးညွှန်းတမ်းနဲ့ သေသေချာချာ လုပ်ပေးရတော့တာပဲ” လို့ ဆိုပါတယ်။

ဆာသူးလေကျောင်းကို မြန်မာသင်ရိုးအတိုင်း သင်ပေးခဲ့ပြီး ထိုင်းအစိုးရ၊ မြန်မာအစိုးရဘက်တွေက ပညာရေးနဲ့ ပတ်သက်လို့ အသိအမှတ်ပြုတာတွေ မခံခဲ့ရပေမဲ့ ၂၀၁၂ ခုနှစ်မှာတော့ အထက်တန်းပညာရေးပြီးဆုံးသူတွေကို မြန်မာနိုင်မှာရှိတဲ့ တက္ကသိုလ်တွေဆီ ပြန်လည်တက်ရောက်ခွင့်ပြုဖို့ မြန်မာအစိုးရနဲ့ ညှိနိုင်းနိုင်ခဲ့ပါတယ်။ ကိုဗစ်ကာလမတိုင်ခင်အထိ မြန်မာနိုင်ငံက တက္ကသိုလ်တွေဆီ သွားရောက်တက်ကြတဲ့ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းတော့ အလယ်တန်းပညာရေး ပြီးဆုံးတဲ့အထိ မြန်မာသင်ရိုးအတိုင်း သင်ကြားပေးပြီး Grade 9 ကနေ Grade 12 အထိကိုတော့ နိုင်ငံတကာစံချိန်မီ GED ပညာရေးစနစ်နဲ့ သင်ကြားပေးပါတယ်။ အဲ့ဒီအခါမှာတော့ တချို့ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေမှာပါ ပိုမိုတက်ရောက်နိုင်တဲ့အနေအထားတွေ ရှိလာခဲ့ပါတယ်။

“ကျောင်းသားသစ်တွေ လက်မခံနိုင်တာ စိတ်မကောင်းဘူး။ အစိုးရတွေကို ကျွန်မပြောချင်တာက ပညာရေးဆိုတာ ကလေးတွေရဲ့ မွေးရာပါ အခွင့်အရေးပါ။ နိုင်ငံရေးအရ ဘယ်လိုပဲဖြစ်စေ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်အပံ့ကောင်းကောင်းလေးဖြစ်အောင် ဆွေးနွေးလုပ်ဆောင်ပေးစေချင်တယ်” လို့ ဆရာမကြီး နော်ဖော်ရေက ကျောင်းသားသစ်တွေ လက်မခံနိုင်တော့တဲ့အခြေအနေနဲ့ ပတ်သက်လို့ ရင်ဖွင့်သလို ထိုင်းအစိုးရနဲ့ မြန်မာအစိုးရ ပညာရေးတာဝန်ရှိသူတွေကိုလည်း အဲ့ဒီလို တောင်းဆိုစကားဆိုပါတယ်။

 

ကျောင်းသားဦးရေနဲ့ ကျောင်းပမာဏ မမျှတဲ့အခြေအနေ

“ကျောင်းသားတွေရုတ်တရက်ထိုးတက်လာတယ်လို့ပြောလို့ရပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုတာလည်း ကြိုတင်သိရှိ ထားတဲ့အတွက် ပြင်ဆင်ထားပေမဲ့ ဒီပညာသင်နှစ်မတိုင်ခင်က ခန်းမှန်းတွက်ချက်ထားတဲ့ဦးရေနဲ့ တော်တော်ကွဲလွဲပါတယ်။ ထင်တာက ၁၀၀ ကျော်လောက်ဘဲတိုးမယ်ပေါ့။ တကယ်တမ်းကျတော့ ၂၀၀ ကျော်တိုးလာတယ်ဆိုတော့ မနည်းပင်ပမ်းပါတယ် ” လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပညာရေးတာဝန်ခံ ဆရာ စောမူဒိုက ဆိုပါတယ်။

သူတာဝန်ယူထားတဲ့ Unified Learning Center (ULC) နဲ့ Andaman Center for Migrant Education (ACME)  ကျောင်းတွေဟာ ထိုင်းနိုင်ငံ ဖန်င ခရိုင်ထဲမှာရှိပြီး သူတို့ကျောင်းတွေမှာ ကျောင်းသားတွေဟာ နဂိုလက်ခံနိုင်မှုရဲ့ ထက်ဝက်မြင့်တက်လာခဲ့ဖြစ်ပါတယ်။

ဒီလိုမျိုးကျောင်းသားတွေ ရုတ်တရက်ထိုးတက်လာမှုဟာ ကျောင်းနဲ့ သင်ကြားနိုင်တဲ့ အရည်အသွေးကို ထိခိုက်စေနိုင်တာကြောင့် အရေအတွက် ကန့်သတ်တာ၊ အရည်အချင်းကန့်သတ်တာနဲ့ အထောက်အထားပြည့်စုံမှု တောင်းခံခြင်းနဲ့ ကန်သတ်တာတွေလုပ်ပြီး ထိန်းညှိတာတွေ လုပ်ကြရပါတယ်။

လက်ရှိကျောင်းသားဦးရေကန့်သတ်လိုက်တဲ့ ဆာသူးလေဟာ မဲဆောက်မှာရှိတဲ့ ရွေ့ပြောင်းကျောင်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရေးစနစ်တွေကြောင့် နာမည်ကြီးတဲ့ကျောင်းတခုဖြစ်သလို ကျောင်းသားမိဘတွေအတွက် မျှော်လင့်ရွေးချယ်စရာ ကျောင်းအနည်းငယ်ထဲက တစ်ခုပါ။

“ကလေးတွေကို မထိန်းရရင်ပြီးရောဆိုရင်တော့ ကျောင်းအပ်တာက မခက်ခဲပါဘူး။ ဒါပေမယ့်တကယ် ပညာတတ်မြောက်ရေးကိုသွားမယ်ဆိုရင်တော့ ကျွန်မတို့မှာ အများကြီးရွေးချယ်စရာမရှိသလို ထားချင်တဲ့ကျောင်းမှာ ထားရဖို့ဆိုတာကလည်း မလွယ်ကူလှပါဘူး ” လို့ ကလေမိခင် မနေခြည်က ဆိုပါတယ်။ 

သူကလက်ရှိမှာ အိမ်နဲ့နီးတဲ့ ရွေ့ပြောင်းကျောင်းလေးတစ်ခုမှာ သားနဲ့ သမီးကို ကျောင်းထားထားပေမယ့် ကလေးတွေရဲ့ အကျင့်စာရိတ္တတွေပြောင်းလဲလာပြီး ထိရောက်တဲ့ သင်ကြားနိုင်မှုမရှိတာကြောင့် အခြားကျောင်းတခုကို ပြောင်းရွေ့ဖို့ စဉ်းစားနေသူလည်းဖြစ်ပါတယ်။

 

နယ်စပ်က အင်တာနေရှင်နယ်ကျောင်းမှာထားနိုင်လား

မဲဆောက်မှာ ကျောင်းသားမိဘတွေအနေနဲ့ ရွေးချယ်စရာ ကျောင်းအမျိုးအစားတွေ အများကြီးရှိပါတယ်။ အလုပ်အေးအေးဆေးဆေးလုပ်နိုင်ဖို့ ကလေးကိုကျောင်းပို့ထားချင်ရုံလား၊ စည်းစနစ်ကျတဲ့ ကျောင်ကြီးတွေမှာထားချင်တာလား၊ ထိုင်းအစိုးရကျောင်းတွေမှာ ထားမလား၊ ကိုယ်ပိုင်ကျောင်းတွေမှာထားမလား၊ နိုင်ငံတကာဆိုင်ရာ ကျောင်းတွေမှာထားမလား စသဖြင့်ရွေးစရာတွေက အများကြီးပါ။

ဒါပေမယ့် ဒီရွေးချယ်စရာတွေဟာ အထောက်အထားအပြည့်အစုံနဲ့ အလုပ်အကိုင် သေသေချာချာရှိတဲ့ သူတွေအတွက်ပါပဲ။ အထောက်အထားမရှိတဲ့ ရွေ့ပြောင်းလာသူတွေ အတွက်တော့ ကောင်းမွန်တဲ့ ပညာရေး မဆိုထားနဲ့ ကျောင်းပို့ ကျောင်းကြိုလုပ်ဖို့အတွက်တောင် မလွယ်ကူလှပါဘူး။

ငွေကြေးတတ်နိုင်တဲ့သူတွေက ကိုယ်ပိုင်ကျောင်းတွေမှာ ထားနိုင်မယ်လို့ ယေဘုယျမြင်နိုင်ပေမယ့် နိုင်ငံတကာကျောင်းတွေရဲ့ ကျောင်းဝင်ကြေးတွေဟာဆိုရင်လည်း ဘန်ကောက်၊ ချင်းမိုင်လိုနေရာက ကျောင်းလခတွေနဲ့ အများကြီးကွာလှတာမရှိပါဘူး။  

‘’ကျောင်းတွေစုံစမ်းကြည့်တယ်၊ ဒီဘက်ရောက်လာတော့လည်း ပညာရေးအတွက်ရင်မောတော့ ဘာသာစကားကောင်းတဲ့ နိုင်ငံတကာကျောင်းတွေမှာ ထားချင်ပေမယ့် ကျောင်းလခ၊ ဖယ်ရီခနဲ့ တင်ကိုယ့်လစာ တဝက်ပြုတ်သွားပြီ။ အိမ်လခပါထပ်ပေါင်းရင်တော့ စားဖို့တောင်မနည်းဖယ်ရမယ့်အနေအထားဖြစ်နေတယ်။ မိဘဆိုတော့လည်း ရွေ့ပြောင်းကျောင်းတွေကို အထင်သေးတာမဟုတ်ပေမယ့် ကလေးတွေငယ်သေးတော့ သက်တောင့်သက်သာရှိမယ့်နေရာမှာထားချင်တယ်။ ရုန်းကန်ပြီးထားရတာပဲ’’ လို့ မဲဆောက်မြို့က နိုင်ငံတကာကျောင်းတခုမှာကျောင်းအပ်ထားတဲ့ မိဘတဦးက ရင်ဖွင့်ပါတယ်။

 

အနာဂါတ်ပညာရေးနဲ့ နေထိုင်ခွင့်ပြသနာ

ရွေ့ပြောင်းကျောင်းတွေမှာထားမယ်ဆိုရင် နောက်ထပ်အခက်အခဲတခုလည်းရှိနေပါသေးတယ်။ အဲဒါကတော့ တရားမဝင်လာရောက်နေထိုင်တဲ့ မိဘအတွက် ကလေးငယ်ရဲ့ပညာရေးဆက်လက်သင်ယူခွင့်နဲ့ နိုင်ငံမှာအသိအမှတ်ပြုနေထိုင်ခွင့်တွေဟာလည်းထည့်စဉ်းစားရမယ့်အထဲပါဝင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရွေ့ပြောင်းကျောင်းအများစုဟာ ထိုင်းအစိုးရ အသိအမှတ်ပြုထားတာရှိပေမယ့် ပညာဆက်လက်သင်ယူခွင့်နဲ့ နေထိုင်ခွင့်ကတော့ ကန်သတ်မှုတွေရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့်ကျောင်းသားမိဘတချို့ကတော့ ထိုင်းအစိုးရကျောင်းကို အပ်နှံနိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ ယခင်က ထိုင်းအစိုးရကျောင်းကို ထိုင်းလူမျိုးတွေရဲ့ ထောက်ခံပေးမှုနဲ့တက်လို့ရပေမယ့် ၂၀၂၁ – ၂၀၂၂ စာသင်နှစ်ကစပြီး ကျောင်းသားအရေအတွက်ကန့်သတ်တာ၊ အထောက်အထား အပြည့်အစုံတောင်းတာတွေ ပြုလုပ်လာတာကြောင့် ကျောင်းဝင်ခွင့်ရနိုင်ဖို့အခွင့်အရေးဟာ ၁၀ ရာခိုင်နူန်းတောင် မရှိပါဘူး။

‘’ထိုင်းကျောင်းကိုအပ်မယ်ဆိုတော့ တရားမဝင်နေထိုင်သူဖြစ်နေတဲ့အခါမှာ ထိုင်းမှာအနေကြာသူတွေရဲ့ ထောက်ခံချက်လက်မှတ်တွေ အရင်ရှာရတယ်။ ကျောင်းကိုအခေါက်ခေါက် အခါခါသွားပေမယ့် ကလေးက ထိုင်းစကားမတတ်လို့ အခက်အခဲရှိမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကိုထောက်ပြတယ်’’ လို့ ထိုင်းအစိုးရကျောင်းမှာ ကျောင်းထားဖို့ ကြိုးစားနေတဲ့ မိဘတဦးက သူ့အခက်အခဲကိုပြောပြပါတယ်။

ထိုင်းအစိုးရကျောင်းတွေမှာဆိုရင်တော့ ကျောင်းလခနဲ့ စရိတ်အတော်လေးသက်သာတဲ့အပြင် ကျောင်းကနေ့လယ်စာထမင်းကျွေးတဲ့အစီအစဉ်လည်းရှိပါတယ်။ ထိုင်းအစိုးရကျောင်းကအောင်မြင်တဲ့ကလေးတွေဟာဆိုရင် ထိုင်းနိုင်ငံမှာနေထိုင်ခွင့်နဲ့ ပညာဆက်လက်သင် ယူခွင့်တွေအပြင် အနာဂါတ်အလုပ်အကိုင်အတွက်မှာ အတော်လေး အဆင်ပြေမယ့်အနေထားတခုရှိနေပါတယ်။

ဒါပေမဲ့ ကျောင်းဝင်ခွင့်အတွက်ခက်ခဲနေသလို ကလေးအသက်အရွယ်ငယ်ရင် အဆင်ပြေနိုင်ပေမယ့် အသက်အရွယ်အတန်အသင့်ရှိတဲ့ ကလေးတွေအတွက်ကတော့ ဘာသာစကားအခက်အခဲကို ကျော်ဖြတ်ဖို့မလွယ်ကူပြန်ပါဘူး။

ဒီလိုဆိုလို့ ရွေ့ပြောင်းကျောင်းတွေမှာထားလိုက်ရင်လည်း လတ်တလောပညာရေးစနစ်ဟာ စစ်ကောင်စီလက်အောက်မှာလား၊ NUG လက်အောက်မှာလား မသိရသလို ဆက်သွားရမယ့် ပညာရေးလမ်းကြောင်းအတွက် ဘယ်အစိုးရက အသိမှတ်ပြုမှာလဲဆိုတဲ့ မေးခွန်းတွေက မိဘတွေအတွက် ခေါင်းခဲစရာပါပဲ။

‘’နာမည်ကြီးရွေ့ပြောင်းကျောင်းတချို့ကလည်း ကျောင်းသားဦးရေများလို့ လက်မခံတော့ဘူးဆိုတော့ ရွေ့ပြောင်းထွက်ပြေးလာတဲ့ မိဘတွေကမြွေပူရာကင်းမှောက်သလိုပဲ။ မဲဆောက်မှာရှိတဲ့ ရွေ့ပြောင်းလုပ်သားတွေရယ် စစ်ရှောင်လာတဲ့လူတွေရယ်အားလုံးအတွက်စိုးရိမ်စရာဖြစ်လာတယ်။ ဒါလက်ရှိကျွန်တော်မြင်လာရတာ။ အဲလိုဆိုတော့ တချို့အရွယ်လည်းရောက် မိဘလည်းခက်ခဲတဲ့ ကလေးတွေက ကြံစိုက်ခင်းထဲရောက်သွားတယ်။ ဒါကတော့လက်ရှိ မဲဆောက်မှာရှိတဲ့ ရွေ့ပြောင်းမိဘတွေရဲ့အခြေအနေပဲ။ လက်ရှိနိုင်ငံရေးကြောင့်ရောက်လာပြီး ဘာအလုပ်မှသေချာမလုပ်နိုင်တဲ့မိသားစုတွေကလည်းသောကကိုယ်စီနဲ့ပဲ’’ လို့ ရွေ့ပြောင်းကျောင်းတခုမှာ ကျောင်းဆရာအဖြစ်လုပ်ကိုင်နေတဲ့ ကိုသားထက်ဇော်ကပြောပါတယ်။

 

နယ်စပ်ကကလေးငယ်တွေရဲပညာရေးဘယ်သူတွေမှာ တာဝန်ရှိမလဲ

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ရွေ့ပြောင်းကျောင်းငယ်လေးတွေမှာဆိုရင်လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ဆရာဆရာမတွေလုံလောက်စွာမခန့်ထားနိုင်မှုတွေ စာသင်ပေးတဲ့ကျောင်းဆရာဆရာတွေအတွက်အကာအကွယ်မပေးနိုင်တဲ့အခြေအနေတချို့ဟာလည်းရွေ့ပြောင်းကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာမမျှတဲ့အခြေအနေတခုဖြစ်လာဖို့ ဖြစ်စေတဲ့အထဲကအကြောင်းအရင်းတခုဖြစ်ပါတယ်။

‘’ အရပ်ဖက်အဖွဲ့အစည်းတွေက ဆရာတွေလုံလောက်အောင်မခန့်နိုင်သလို ဆရာတွေကလည်း တရားမဝင်နေထိုင်သူတွေဖြစ်တယ်လေ အများစုက။ စာသင်နေတဲ့ဆရာလည်း စာသင်နေတုန်းပဲ။ ကျောင်းကထွက်သွားရင် မကာကွယ်ပေးနိုင်တော့ဘူး’’ လို့ ကျောင်းဆရာ ကိုသားထက်ဇော်က ပြောပါတယ်။

အခုလိုနယ်စပ်မှာအကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ကလေးတွေအတွက် ပညာရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေပူပင်သောကတွေရှိလာတဲ့အခါမှာလည်း လူထုယုံကြည်ရတဲ့ ကြားကာလအစိုးရ NUG က လုပ်ဆောင်ပေးသင့်တာတွေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တချို့လည်းရှိနေပါတယ်။

‘’အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်းကူညီသင့်တယ်။ NUG အနေနဲ့လည်းကိုင်တွယ်နိုင်တဲ့အစိုးရတရပ်ဆိုရင် စစ်ဘေးရှောင်စခန်းတွေမှာဖြစ်ဖြစ် ကျောင်းတွေဖွင့်စေချင်တယ်။  မဲဆောက်မှာက CDM ဆရာ၊ ဆရာမတွေလည်းအများကြီးပဲ။ ကူညီပေးနိုင်မယ့်သူတွေလည်းရှိမယ် ပညာရေးကော ဘက်စုံဖွံ့ဖြိုးရေးကော အများကြီးဖြစ်လာနိုင်တယ်။ ဒါပေမယ့် ထိုင်းအစိုးရနဲ့ ညှိနှိုင်းမှုအတွက်ကတော့ ခက်ခဲပါလိမ့်မယ်’’ လို့ ကိုသားထက်ဇော်ကဆက်ပြောပြပါတယ်။

ထိုင်းနိုင်ငံရဲ့ ပညာရေးဌာနဟာ ဘယ်တုန်းကမှ ရွှေ့ပြောင်းကျောင်းတွေကို အသိအမှတ်ပြုတာမျိုးတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ Migrant Educational Coordination Center (MECC) လို့ ခေါ်တဲ့ ရွှေ့ပြောင်းပညာရေး ပူးပေါင်းဆောင်ရွက်ရေးဌာနကို ပညာရေးဌာနအောက်မှာ အဖွဲ့တဖွဲ့ တည်ထောင်ပြီး ရွှေ့ပြောင်းကျောင်းတွေကို လာရောက်တွေ့ဆုံတာတွေ၊ ညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်းကလေးတွေကို ပညာရေးအခွင့်အရေးပေးဖို့ထက် ဥပဒေအရ ရွှေပြောင်းကလေးတွေကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာမျိုး စဉ်းစားချက်တွေနဲ့  ဒီအဖွဲ့ကို ပညာရေးဌာနအောက်က ဖွဲ့စည်းခဲ့တာမျိုးလည်း ဖြစ်ပါတယ်။

“ပညာရေးနဲ့ ဆိုင်တဲ့ အခွင့်အရေးတွေတော့ မပေးဘူး။ ဒါပေမဲ့ ရွှေ့ပြောင်းကလေးတွေ များများကျောင်းတက်ကြတာကိုတော့ သူတို့က ထိန်းချုပ်ချင်တယ်။ အဲ့ဒါကြောင့် ရွှေ့ပြောင်းကျောင်းတွေကို အဆောက်အုံ၊ စာသင်ခန်းတွေကို အရည်အသွေး၊ အကျယ်အဝန်းလိုက်စစ်ပြီး အပြစ်ရှာတာပေါ့” လို့ ရွှေ့ပြောင်းပညာရေးနဲ့ နီးစပ်သူတစ်ဦးက MECC ရဲ့ စည်းကမ်းထိန်းသိမ်းမှုတွေကြောင့် လက်ရှိရွှေ့ပြောင်းကျောင်းတွေမှာ ကျောင်းသားသစ်တွေ လက်ခံဖို့ ခက်ခဲနေရတဲ့ အခြေအနေကို သုံးသပ်ပြပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ရုန်းကန်နေရဆဲ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ အနာဂတ်တွေအကြောင်းမှာ မသီတာထွေးဟာ သူမရဲ့ ကလေး (၂) ယောက်အတွက် ပညာရေးအိပ်မက်တွေ ဆက်မက်ရင်း ခရီးဆက်နေဆဲပါပဲ။

“ပြန်ခွင့်ရဖို့တော့ မျှော်လင့်နေတုန်းပဲ။ ဒါပေမယ့် ဘယ်တော့ပြန်ရမယ်မှန်းမသိသေးချိန်မှာ ကလေးတွေကို ပညာသင်ခွင့် ပြတ်မသွားစေချင်ဘူး“ လို့ မသီတာထွေးက သူမရဲ့ ခံစားချက်ကို ပြောပြပါတယ်။

 “မတတ်နိုင်ဘူးလေ။ မိဘတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ကလေးတွေ အဆင်မပြေဖြစ်ရတယ်ဆိုပေမယ့် တကယ်တော့ ဒါက ငါတို့အမှားလည်း မဟုတ်ဘူးဆိုတော့ အကောင်းဆုံးလို့ ထင်တာကိုပဲ ဆက်လျှောက်ရမှာပေါ့” လို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရင်ဖွင့်ပါတယ်။