ထီးလင်း ပအဖရုံးကို လေကြောင်းတိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးနေလို့ ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရ

ဧပြီ၊ ၂၁
 
မကွေးတိုင်း၊ ထီးလင်းမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီက ဧပြီလ ၂၀ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကဗုံးကြဲတိုက်ခိုက်ပြီးနောက် အဲ့ဒီဒေသတွင်းကို ဒီကနေ့မှာ မြေပြင်စစ်ကြောင်းထိုးနေတာကြောင့် ရွာ (၁၆)ရွာလောက်က ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
စစ်ကောင်စီဟာ ထီးလင်းမြို့နယ်နဲ့ အနီးတဝိုက်ကို မနေ့က လေကြောင်းတိုက်ခိုက်မှုမလုပ်ခင်ကတည်းက ဖုန်းလိုင်းတွေဖြတ်တောက်လိုက်သလို ဒီကနေ့အထိလည်း ဆက်လက်ဖြတ်တောက်ထားတယ်လို့ ထီးလင်းနဲ့ နယ်မြေထိစပ်နေတဲ့ ဂန့်ဂေါဒေသခံတဦးက ပြောပါတယ်။
 
” မနေ့က ဗုံးကြဲတဲ့ လောင်းဘိုလေး၊ ပဇင်းချောင်အနားက ရွာတွေ အကုန်ပြေးရတာ၊ မနက်က တယ်လီနော ပြတ်တောင်းပြတ်တောင်းရသေးတယ်၊ ခု ဘာလိုင်းမှ ဆက်မရတော့ဘူး၊ သက်ကြီးရွယ်အိုတွေ ပိုဒုက္ခရောက်ကြမယ်၊ ကျွန်တော်တို့ တောတွေမှာလည်း ဆောင်းရာသီသာ ခိုစရာရှိတာ၊ နွေရာသီက မလွယ်ဘူး ” လို့ သူက ပြောပါတယ်။
 
ထီးလင်းမြို့ပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်တပ်က စစ်သားတွေနဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းဟာ မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတာကြောင့် ထီးလင်းမြို့နယ်မြောက်ပိုင်းက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ယောဒေသမြေပြင်အခြေအနေတွေ ဖော်ပြပေးနေတဲ့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ ပဇင်းချောင်ကျေးရွာကနေ လောင်းဘိုလေးရွာတောင်ဘက် နှစ်မိုင်အကွာအထိ စစ်ကြောင်းဖြန့်နေရာယူထားတယ်လို့ ဆိုပါတယ်။
 
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကြောင့် လောင်းဘိုလေးရွာ၊ အိုင်းမရွာ၊ အကြည်ဝါးဘင်းရွာ၊ ဝါးဘိုးချောင်ရွာ၊ ပဇင်းချောင်ရွာ၊ ဇီးတောရွာ၊ ရွေခုံတိုင်ရွာ၊ အုန်းတောရွာ၊ ထန်းပင်ကုန်းရွာ၊ ဝက်သက်ရွာ ၄ ရွာ၊ တောရောင်းရွာ၊ ပုဏ္ဏားရွာ၊ ထလင်းရွာ စတဲ့ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ ဧပြီ ၂၀ ရက်နေ့လယ်ပိုင်းမှာ ထီးလင်း ပ.အ.ဖ ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ရဲဘော်အိ၊ ရဲဘော်ကောင်းထက်၊ ရဲဘော်ငယ်လေးတို့ သုံးဦး ကျဆုံးခဲ့ရပြီး ဆယ့်နှစ်ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
ဒဏ်ရာရသူတွေထဲမှာ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံလည်းပါဝင်တယ်လို့ သတင်းဖော်ပြတာတွေရှိပေမယ့် DNA အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒါ့အပြင်အဲ့ဒီနေ့မှာပဲ စစ်ကောင်စီမြေပြင်စစ်ကြောင်းက ပဇင်းချောင်ရွာနဲ့ ပုဏ္ဏားရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ပဇင်းချောင်ရွာ ရွာလုံးကျွတ်နီးပါးမီးလောင်ကျွမ်းခဲ့ရသလို ပုဏ္ဏားကျေးရွာက နေအိမ်လေးလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ထီးလင်းမြို့နယ်မြောက်ပိုင်းက စစ်ရှောင် ၅၀၀၀ ကျော်အတွက် ဆေးဝါး၊ ရိက္ခာ နဲ့ တခြား အသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – လေကြောင်းကဗုံးကြဲခံခဲ့ရတဲ့ ထီးလင်း ပအဖ ရုံး