မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့တဲ့ သင်္ဘောတွေကို အာမခံ ဝန်ဆောင်မှု မပေးဖို့ ဗြိတိန် ကုမ္ပဏီတွေကို Burma Campaign UK တောင်းဆို

ဧပြီ၊ ၂၁

မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်သွင်းမှု လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး အာမခံ ဝန်ဆောင်မှု ပေးနေတဲ့ ဗြိတိန် ကုမ္ပဏီ ၅ ခုကို အဲဒီ ဝန်ဆောင်မှုတွေ ရပ်တန့်ပေးဖို့ Burma Campaign UKက တောင်းဆိုလိုက်ပါတယ်။

အဲဒီ ကုမ္ပဏီတွေကတော့ UK P&I, Steamship Mutual, Britannia P&I, North Standard, Shipowners Clubတို့ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆင်နွှဲနိုင်ဖို့ အဓိက လိုအပ်ချက် တခုဖြစ်တဲ့ လေယာဉ်ဆီတွေ တင်ပို့ပေးနေတဲ့ နိုင်ငံတကာ ကုန်တင် သင်္ဘောတွေအတွက် အာမခံ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က အဲဒီ ကုမ္ပဏီတွေက မြန်မာ့ လေယာဉ်ဆီ သယ်ယူတင်သွင်းမှု ကွန်ရက်နဲ့ ပါဝင်ဆက်စပ်နေတာကို Deadly Cargoဆိုတဲ့ အစီရင်ခံစာမှာ ဖော်ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှု ကွင်းဆက်တွေမှာ ပါဝင်နေတဲ့ ကုမ္ပဏီတိုင်းက မြန်မာ ပြည်သူတွေအပေါ် ပစ်မှတ်ထား ကျူးလွန်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်သွားမယ် ဆိုတာကို နားလည်သင့်ပြီး အမြန်ဆုံး ရပ်တန်းက ရပ်ဖို့ လိုတယ်လို့ Burma Campaign UKရဲ့ ဒါရိုက်တာ မတ်ခ် ဖာမာနာက ပြောပါတယ်။ တကယ်လို့ အာမခံ ဝန်ဆောင်မှုသာ မရှိဘူးဆိုရင် အဲဒီ သင်္ဘောတွေက မြန်မာနိုင်ငံဆီ လေယာဉ်ဆီတွေ တင်ပို့နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

မြန်မာ စစ်တပ်ဟာ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ချိုးနှိမ်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမို အားကိုးလာခဲ့ပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေသာ မကဘဲ အရပ်သား ဧရိယာတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ ဆေးပေးခန်းတွေ၊ ဘာသာရေး အဆောက်အအုံတွေကိုပါမချန် ပစ်မှတ်ထားလေ့ ရှိပါတယ်။

လောလောလတ်လတ် အနေနဲ့ မြန်မာစစ်တပ်ဟာ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာရှိတဲ့ ပဇီကြီး ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု တခုကို ပြုလုပ်ခဲ့ရာက ကလေး ၄၀ ဝန်းကျင် အပါအဝင် လူ ၁၇၀ လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဗြိတိန် အစိုးရဟာ ပြည်တွင်း ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှု လုပ်ငန်းတွေမှာ ပါဝင်ဆက်နွှယ်ခြင်း မရှိဖို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှုမှာ မြန်မာ စစ်တပ်ကို လေယာဉ်ဆီ ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုသာ ဦးတည်ထားဆဲ ဖြစ်ပါတယ်။ ဖာမာနာကတော့ လေယာဉ်ဆီ တင်ပို့မှုတွေမှာ အာမခံ ဝန်ဆောင်မှုဟာလည်း လူမြင်ကွင်း နောက်ကွယ်ကနေ ကြီးမားတဲ့ အစိတ်အပိုင်း တခုအဖြစ် အထောက်အပံ့ ပေးနေကြောင်း၊ ဗြိတိန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်ပို့တဲ့ သင်္ဘောတွေအတွက် အာမခံ ဝန်ဆောင်မှု ရှေ့ဆက် မထောက်ပံ့တော့ဘူး ဆိုတာကို ခိုင်ခိုင်မာမာ၊ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပြဖို့လိုကြောင်း ပြောကြားသွားပါတယ်။

 

Ref: Burma Campaign UK