ဧပြီ၊ ၂၁
ရုရှားလေတပ်ဟာ ကိုယ့်မြို့ကိုယ် မှားယွင်းပြီး ဗုံးကြဲမိခဲ့ကြောင်း သိရပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းနဲ့ နယ်စပ်နားမှာရှိတဲ့ ဘယ်လ်ဂိုရော့ဒ် မြို့ထဲမှာ တိုက်လေယာဉ်တစီး မှားယွင်း ဗုံးကြဲမိတဲ့ ကိစ္စကို အတည်ပြု ဝန်ခံခဲ့ပါတယ်။
ဒေသခံ အုပ်ချုပ်ရေးဌာန အကြီးအကဲ ဗိုင်ချီဆလက်ဗ် ဂလက်ဒ်ကော့ဗ်က တိုက်လေယာဉ်တွေ ဗုံးကြဲမှုကြောင့် မြို့လယ်ခန်းမနားမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ပေ ၆၀ လောက် ကျယ်တဲ့ ကျင်းချိုင့်ကြီး ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားလေတပ်ရဲ့ အစွမ်းပြမှုကြောင့် မြို့ထဲက အဆောက်အအုံတချို့ ပျက်စီးပြီး အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ SU-34 အမျိုးအစား ဗုံးကြဲ တိုက်လေယာဉ် တစီးဟာ ဧပြီ ၂၀ ရက်နေ့က ဘယ်လ်ဂိုရော့ဒ်မှာ မှားယွင်းပြီး ဗုံးကြဲမိခဲ့တာလို့ သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ မှားယွင်းတိုက်ခိုက်မှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ မှတ်တမ်း ဓာတ်ပုံတွေ ပျံ့နှံ့နေခဲ့ပါတယ်။
ဘယ်လ်ဂိုရော့ဒ်ဟာ လူ ၃၇၀၀၀၀ လောက် နေထိုင်ပြီး ယူကရိန်း နယ်စပ်နဲ့ ၂၅ မိုင်လောက် အကွာမှာ တည်ရှိတဲ့ မြို့တမြို့ပါ။ ပြီးတော့ ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ခါကစ်ဗ်ရဲ့ မြောက်ပိုင်းမှာ ရှိနေတာကြောင့် စစ်ပွဲစတင်ချိန် ကတည်းက မြို့ခံတွေဟာ ယူကရိန်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို နိစ္စဓူဝ စိုးတထိတ်ထိတ်နဲ့ ဖြတ်သန်း နေထိုင်နေကြရပါတယ်။
ရုရှား တိုက်လေယာဉ်တွေဟာ ယူကရိန်း ပိုင်နက်ထဲကို ကျူးကျော် တိုက်ခိုက်ရာမှာ အဲဒီမြို့ကို ပုံမှန် ဖြတ်ပျံလေ့ ရှိတယ်လို့လည်း သိရပါတယ်။
Ref: BBC