လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာချီသေဆုံးခဲ့တဲ့ ပဇီကြီးကို စစ်တပ်ကလေကြောင်းကထပ်ပစ်နေ

ဧပြီ၊ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာထဲကို ဒီကနေ့ ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းကစစ်ကောင်စီတပ်ဖွဲ့တွေ ကလက်နက်ကြီး ပစ်ခတ်တာတွေနဲ့ လေယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်တာတွေထပ်ပြီးပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ  ပဇီးကြီးကျေးရွာရဲ့ အနောက်တောင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၁၀ လုံးကို ကျေးရွာထဲကို ပစ်ခတ်ခဲ့ပြီး နာရီဝက်အကြာမှာ စစ်ကောင်စီက ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 ဒီတိုက်ခိုက်မှုကြောင့် နေအိမ်တချို့မီးလောင်ပျက်စီးနေတယ်လို့လည်း မြေပြင်သတင်းတွေအရသိရပါတယ်။

 “  ၂ နာရီခွဲမှာ ဗုံးကြဲတာ၊ သုံးကြိမ်ကြဲသွားတယ်။ပထမ အလုံးကြီး သုံးလုံးမြင်ရတယ်၊ နောက်ပြီး စက်သေနတ်နဲ့ ပစ်သွားတာပဲ၊ အခုလက်ရှိအခြေအနေကတော့ ပဇီကြီးကျေးရွာက မီးလောင်နေပြီးဗျ။

 မီးခိုလုံးတွေလည်း မြင်နေရပြီး၊ သူတို့က အရင်ပစ်တဲ့ နေရာလောက်ကိုပဲ ပစ်သွားတာထင်တာပဲ။ ကျေးရွာရဲ့ အနောက်ပိုင်းကို ပစ်သွားတယ်။ အခုက သူတို့ရဲ့(စစ်တပ်)ခြေလျင်စစ်ကြောင်းကတော့ ရွာထဲမဝင်နေသေးဘူး။ရွာရဲ့ အနောက်တောင်ဘက်မှာ ရှိနေသေးတယ်’’ လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေက ရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာတာမျိုးမရှိပေမယ့် ကျေးရွာအပြင်မှာ အင်အားအများအပြားနဲ့ တပ်စွဲထားတဲ့အခြေအနေဖြစ်နေတယ်လို့လည်းဆိုပါတယ်။

 “ တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေလည်း မရှိဘူး။  သူတို့ကလည်း သာလွန်အင်အားနဲ့ နည်းတာမဟုတ်ဘူး။ ရွာအပြင်မှာ၊ လက်နက်ကြီးတွေပါ၊ ထိုင်ထားတယ်” လို့မြေပြင်အခြေအနေကိုသိရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုပါတယ်။

 ပဇီကြီးကျေးရွာကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ဧပြီ ၁၉ ရက်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်လို့ အနီးအနားမှာ စစ်ရှောင်နေရတဲ့ ဒေသခံတချို့ဟာ ဘေးလွတ်ရာကိုထပ်ပြီးထွက်ပြေးနေရပါတယ်။

 ပြီးခဲ့တဲ့ ကိုးရက်အကြာ ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီက ပဇီကြီးကျေးရွာကို တိုက်ခိုက်ရေးလေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူဦးရေ ရာချီ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြရတာပါ။

 ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆၈ ဦးရှိပြီး အဲ့ဒီအထဲက ၁၅၀ ဟာ အရပ်သားတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။

 အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပဇီကြီးကျေးရွာကို ဆက်လက်ရှင်းလင်း သွားမယ်ပြောဆိုထားသလို အခုလိုလေကြောင်းတိုက်ခိုက်တာတွေနဲ့စစ်ကြောင်းထိုးတာတွေကိုလည်းဆက်လုပ်နေတာဖြစ်ပါတယ်။